အန်ကာရာမြို့မှာ ဗုံးကွဲပြီးနောက် အီရတ်နိုင်ငံတွင်းရှိ PKK စခန်းတွေကို တူရကီလေကြောင်းက တိုက်ခိုက်
PUBLISHED - October 3, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၃
တူရကီနိုင်ငံ အန်ကာရာမြို့ ပါလီမန်အဆောက်အအုံတစ်ခုအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲအရာရှိနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့ (တနင်္ဂနွေနေ့) ညနေပိုင်းမှာ တူရကီဂျက်တိုက်လေယာဉ် တွေက အီရတ်နိုင်ငံထဲမှာရှိတဲ့ ကာဒစ္စတန်နယ်မြေကို သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက်သမားတွေရဲ့ရည်မှန်းချက် ဘယ်တော့မှ မအောင်မြင်စေရဘူးလို့ ဗုံးပေါက်ကွဲပြီး နာရီပိုင်းအတွင်း မှာပဲ တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်က ပြောကြားခဲ့ပါတယ်။
တူရကီအစိုးရနဲ့ အနောက်မဟာမိတ်အုပ်စုက အကြမ်းဖက်အုပ်စုတစ်စုလို့ သတ်မှတ်ထားတဲ့ ကာဒစ္စတန်အလုပ် သမားပါတီ (PKK) က ဗုံးပေါက်ကွဲမှုဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
PKK လက်နက်ကိုင်အဖွဲ့ဟာ တူရကီအစိုးရကို ပုန်ကန်နေတာ နှစ်ပေါင်း ၄၀ ကြာမြင့်နေပြီဖြစ်ပါတယ်။
ဗုံးပေါက်ကွဲခဲ့ပြီး ပစ်မှတ်ထားတိုက်ခိုက်ခံရတဲ့ခရိုင်ဟာ ဝန်ကြီးဌာနလေးငါးခုတည်ရှိရာနေရာဖြစ်သလို တူရကီ လွှတ်တော်တည်ရှိရာနေရာလည်းဖြစ်ပြီး မွန်းလွဲပိုင်းမှာ သမ္မတအာဒိုဂန်မိန့်ခွန်းပြောဖို့ရှိလို့ လွှတ်တော်ကိုဖွင့် ထားတာလို့ ဆိုပါတယ်။
“နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ရာဇဝတ်ကောင်တွေဟာ သူတို့ရဲ့ရည်မှန်းချက် တွေကို အောင်မြင်အောင်ဆောင်ရွက်နိုင်မှာမဟုတ်သလို ဘယ်တော့မှလည်း အောင်မြင်မှာမဟုတ်ပါဘူး။” လို့ အာဒိုဂန်က ပြောပါတယ်။
တိုက်ခိုက်ရေးသမားနှစ်ဦးဟာ မနက် ၉ နာရီခွဲမှာ ကားတစ်စီးနဲ့အတူ ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူးချုပ်ရုံးရှေ့က ဂိတ်ဝကို ရောက်လာပြီး ဗုံးတစ်လုံးဖောက်ခွဲခဲ့တာဖြစ်ကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
“အကြမ်းဖက်သမားနှစ်ဦးအနက် တစ်ဦးက အသေခံဗုံးဖောက်ခွဲခဲ့ပါတယ်။ နောက်တစ်ဦးကတော့ အသေခံဗုံးခွဲ ဖို့ ကြိုးစားနေတုန်းမှာပဲ နဖူးကို သေနတ်မှန်ပြီး သေဆုံးသွားခဲ့ပါတယ်။” လို့ ပြည်ထဲရေးဝန်ကြီး အလီယာလီကာ ယာက သတင်းထောက်တွေကို ပြောပါတယ်။
အပြန်အလှန်ပစ်ခတ်ကြရင်း ရဲအရာရှိနှစ်ဦး ဒဏ်ရာအနည်းငယ်ရခဲ့ပြီး မစိုးရိမ်ရဘူးလို့ ၎င်းက ပြောပါတယ်။
တူရကီပြည်ထဲရေးဝန်ကြီးဌာနရုံးကို စွန့်စားတိုက်ခိုက်ခဲ့တယ်လို့ PKK လက်နက်ကိုင်အဖွဲ့က ကြေညာခဲ့ကြောင်း ကာဒစ်တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ နီးစပ်တဲ့ ANF သတင်းဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တူရကီဂျက်တိုက်လေယာဉ်တွေဟာ ဘရာဒို့စ်ဒေသ အစိတ်အပိုင်းတချို့နဲ့ ဘာဒရန်ကျေးရွာတို့ကို ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း တနင်္ဂနွေနေ့ညနေပိုင်းမှာ အီရတ်ကာဒစ္စတန်နယ်မြေက အရာရှိတစ်ဦးက ပြောပါတယ်။
အီရတ်နိုင်ငံမြောက်ပိုင်းမှာ PKK လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ဖို့ လေကြောင်းစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ ပစ်မှတ် ၂၀ ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဌာနက အတည်ပြုပြောကြားပါတယ်။
ဥရောပသမဂ္ဂဝင်ရောက်ဖို့ကြိုးစားနေတဲ့ တူရကီနိုင်ငံကို နှစ်ပေါင်း ၄၀ ကြာအောင် စောင့်ဆိုင်းခိုင်းထားတဲ့ ဥရောပသမဂ္ဂထံက ဘာတစ်ခုမှ ဆက်ပြီးမမျှော်လင့်တော့ကြောင်း ပြောဆိုရင်း အဖွဲ့ဝင်လျှောက်ထားတာကို ကြန့်ကြာအောင် ပြုလုပ်နေတဲ့ ဥရောပသမဂ္ဂကို အာဒိုဂန်က ပြင်းပြင်းထန်ထန်ရှှုတ်ချ ဝေဖန်လိုက်ပါတယ်။
“ဥရောပသမဂ္ဂနဲ့ပတ်သက်ပြီး ကျွန်တော်တို့ပေးထားခဲ့တဲ့ကတိကဝတ်တွေကို တည်တံ့ခိုင်မြဲအောင် ကျွန်တော် တို့ထိန်းသိမ်းခဲ့တယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂဟာ သူတို့ကတိတွေကို တစ်ခုမှ ထိန်းသိမ်းခဲ့တာမရှိဘူး။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံ ဥရောပသမဂ္ဂထဲကို ဝင်ရောက်ဖို့အတွက် နောက်ထပ် လိုလားချက်အသစ်တွေ၊ တောင်းဆိုမှု အသစ်တွှေကို ဘယ်လိုမှ သည်းခံလိုက်လျောမှာ မဟုတ်တော့ပါဘူး။” လို့ အာဒိုဂန်က ပြောပါတယ်။
တူရကီလွှတ်တော်က ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာရေးအတွက် ထောက်ခံသွားရမှာဖြစ်ပါတယ်။
ဟန်ဂေရီနဲ့ တူရကီနိုင်ငံတို့ဟာ ဇူလိုင်လအတွင်းက ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားတာကို ကန့် ကွက်ခဲ့တဲ့၎င်းတို့သဘောထားတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ သဘောတူလက်မှတ်ရေးထိုးဖို့ နှောင့်နှေးကြန့် ကြာခဲ့ပါတယ်။
တူရကီနိုင်ငံမြို့တော်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကြားထဲမှာ လေးငါးခြောက်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး တိုက် ခိုက်မှုအများစုကို PKK လက်နက်ကိုင်အဖွဲ့နဲ့ အိုင်အက်စ်အကြမ်းဖက်အုပ်စုက ၎င်းတို့ဆောင်ရွက်ခဲ့တာဖြစ် ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
လူပေါင်းများစွာသေကြေခဲ့ကြတဲ့ ၁၉၈၄ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့စစ်ပွဲကနေစတင်ပြီး PKK လက်နက်ကိုင်အဖွဲ့ ဟာ တူရကီနိုင်ငံကို လက်နက်စွဲကိုင်ပုန်ကန်ခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း အိုင်အက်စ်အဖွဲ့က ဗုံးခွဲတိုက်ခိုက်မှုကြောင့် အန်ကရာမြို့မှာ တူရကီ ပြည်သူ ၁၀၉ ဦးသေဆုံးခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက အစ္စတန်ဘူလ်မြို့က လမ်းမတစ်ခုမှာဗုံး ပေါက်ကွဲခဲ့တဲ့အတွက် တူရကီပြည်သူ ၆ ဦးသေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
Ref: Turkey Strikes PKK Bases in Iraq after Ankara Bombing
#PeopleMedia