အပစ်ရပ်ကာလကုန်ဆုံးပြီး ၂၄ နာရီအတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၀၀ ကျော် သေဆုံး
PUBLISHED - December 4, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၄
ခုနစ်ရက်ကြာအပစ်အခတ်ရပ်စဲပြီးနောက် အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်လာခဲ့ရာ ဂါဇာ ဒေသမှာ ၂၄ နာရီအတွင်း ပါလက်စတိုင်းအရပ်သား ၇၀၀ ကျော်သေဆုံးသွားပြီဖြစ်ကြောင်း ဂါဇာဒေသအစိုးရမီ ဒီယာရုံးညွှန်ကြားရေးမှူးချုပ်က Al Jazeera မီဒီယာကို တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၃ ရက်နေ့) က ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်ဖြစ်ပွားကတည်းက ဂါဇာဒေသမှာ ပါလက်စတိုင်း လူမျိုး ၁.၅ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
စနေနေ့တစ်ညလုံးနဲ့ တနင်္ဂနွေနေ့အထိ ခန်ယူနစ်စ်မြို့၊ ရာဖာမြို့နဲ့ ဂါဇာဒေသမြောက်ပိုင်းနေရာတချို့ကို အစ္စရေးဘက်က ဝေဟင်/မြေပြင် နှစ်ခုစလုံးက အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။
“သွားကြည့်တဲ့နေရာတိုင်းမှာ မီးလောင်ဒဏ်ရာနဲ့ကလေးတွေ၊ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ကလေးတွေ၊ ဦးနှောက်ထိခိုက်ထားတဲ့ကလေးတွေနဲ့ အရိုးကျိုးထားတဲ့ကလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။ တကယ့်ကို မရဏဇုံကြီးတစ်ခုလိုပါပဲ။” လို့ ယူနီဆက်အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဂျိမ်းစ်အီးလ်ဒါးက Al Jazeera မီဒီယာကို ပြောပါတယ်။
တနင်္ဂနွေနေ့မနက်ပိုင်းက အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ခန်ယူနစ်စ်မြို့မှာရှိတဲ့ ပင်မဆေးရုံကြီးမှာ တနင်္ဂနွေနေ့မနက်ပိုင်းက အလောင်းသုံးလောင်းနဲ့ ဒဏ်ရာရလူနာများစွာကို လက်ခံရရှိထားကြောင်း AP သတင်းထောက်က ပြောပါတယ်။
ဂါဇာဒေသရဲ့အလယ်ဗဟိုကျတဲ့ ဒီးယားအယ်လ်ဘာလာမြို့က အယ်လ်အက်ဆာမာတာဆေးရုံကြီးကိုလည်း အစ္စရေးဗုံးကြဲတိုက်ခိုက်မှုခံရလို့ သေဆုံးသွားတဲ့ အလောင်း ၃၁ လောင်းကို သယ်ယူလာကြတယ်လို့ ဆေးရုံ အုပ်ချုပ်ရေးဝန်ထမ်း အိုမာအယ်လ်ဒါရာဝီက ပြောပါတယ်။
တနင်္ဂနွေနေ့က ဂါဇာမြောက်ပိုင်းက ဂျာဘာလီယာဒုက္ခသည်စခန်းနဲ့ နေရာတချို့က အပျက်အစီးပုံတွေအောက် မှာ အသက်ရှင်ကျန်ရစ်သူနဲ့ သေဆုံးသွားသူတွေကို ရှာဖွေဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီးပုံ တွေကို တူးဆွနေကြပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၁၅၅၀၀ ဦး ထက်မနည်းသေဆုံးသွားပြီဖြစ်သလို အစ္စရေးလူမျိုး ၁၂၀၀ သေဆုံးသွားပြီဖြစ်ပါတယ်။
Ref: Over 700 killed in last 24 hours as Israel intensifies strikes
#PeopleMedia