• Follow Us on
Latest News

Home အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရဘဲ အဆုံးသတ်သွားစဉ် အစ္စရေးက ရာဖာမြို့ကို လေကြောင်းက တိုက်ခိုက်

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရဘဲ အဆုံးသတ်သွားစဉ် အစ္စရေးက ရာဖာမြို့ကို လေကြောင်းက တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ မေ ၁၀

 

ရာဖာမြို့ကိုဝင်ရောက်တိုက်ခိုက်ရင် လက်နက်မပို့တော့ဘူးလို့ ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ခြိမ်းခြောက်မှုကို အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုက ပယ်ချလိုက်တဲ့အချိန် ကြာသပတေးနေ့ (မေလ ၉ ရက်နေ့) မှာပဲ အစ္စရေးက ရာဖာမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ နောက်ဆုံးအကြိမ်အလွတ်သဘော စေ့စပ်ညှိနှိုင်းတာ အဆုံးသတ်သွားပြီဖြစ်တဲ့အတွက် အစ္စရေးနိုင်ငံအနေနဲ့ ရာဖာမြို့နဲ့ ဂါဇာကမ်းမြောင်ဒေသက တခြားနေရာ တွေမှာ စီမံချက်ချထားတဲ့အတိုင်း စစ်ဆင်ရေးကိစ္စတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစ္စရေး ထိပ်တန်းအရာရှိတစ်ဦးက ကြာသပတေးနေ့က ပြောပါတယ်။

 

“ကျွန်တော်တို့တိုက်ရမယ်ဆိုရင် ကျွန်တော်တို့လက်သည်းတွေနဲ့ ကုတ်ဖဲ့ရပါလိ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လက်သည်းတွေ အများအပြားရှိပါတယ်။” လို့ နတန်ယာဟုက ပြောပါတယ်။

 

ဂါဇာမှာတော့ မြို့အရှေ့ဘက်က ဆင်ခြေဖုံးအရပ်မှာစုဝေးနေတဲ့ အစ္စရေးတင့်ကားတွေကို တင့်ဖျက်ရော့ကက် တွေ၊ စိန်ပြောင်းတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ပါလက်စတိုင်းစစ်သွေးကြွအုပ်စုတွေဖြစ်တဲ့ ဟားမတ်စ်အုပ်စုနဲ့ အစ္စလာမ်မစ်ဂျီဟတ်အုပ်စုက ပြောပါတယ်။

 

ရာဖာမြို့မှာတော့ အစ္စရေးမြေပြင်တပ်တွေက ဝင်ရောက်သိမ်းပိုက်ခြင်းမရှိသေးဘဲ အစ္စရေးလေကြောင်းတိုက် ခိုက်မှုကြောင့် ဗလီတစ်လုံးအနားမှာ လူသုံးဦးထက်မနည်းသေဆုံးပြီး လူတချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

 

ရာဖာမြို့ ဆာဘရာရပ်ကွက်က အိမ်နှစ်လုံးကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

သေဆုံးသူတွေထဲမှာ စစ်သွေးကြွအုပ်စု အယ်လ်မူဂျာဟစ်ဒင်ဘရီဂိတ်စ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးနဲ့ ၎င်း ရဲ့မိသားစုလည်းပါဝင်ကြောင်း တခြားခေါင်းဆောင်၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆွေမျိုးတွေက ပြောပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွတွေဟာ စစ်ဘေးရှောင်ဒုက္ခသည်အများအပြား ခိုလှုံနေတဲ့ ရာဖာမြို့မှာ ပုန်းအောင်းနေ ကြောင်း အစ္စရေးက ပြောပါတယ်။

 

ဟားမတ်စ်တွေကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်မယ့်အစ္စရေးရဲ့ရည်ရွယ်ချက်ကို အောင်မြင်အောင်ဆောင်ရွက် နိုင်မယ်လို့ မယုံကြည်ကြောင်း ပြောဆိုရင်း အစ္စရေးအနေနဲ့ ရာဖာမြို့ကို စစ်ဆင်ရေးအပြည့်အဝဆောင်ရွက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုဖို့ မျှော်လင့်နေကြောင်း အမေရိကန်အစိုးရက ထပ်မံပြောကြားပါတယ်။

 

“သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမြင်အရတော့ ရာဖာမြို့ကို အတင်းထိုးဖောက်ဝင်ရောက်တာဟာ စစ်ရေးရည်မှန်းချက် တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ မြင်ပါတယ်။” လို့ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြောပါတယ်။

 

ဟားမတ်စ်အဖွဲ့ကို အစ္စရေးက ကောင်းကောင်းဖိအားပေးထားခဲ့ပြီးဖြစ်ကြောင်း၊ အရပ်သားတွေ ဒုက္ခရောက်မယ့် စစ်ဆင်ရေးဆောင်ရွက်တာထက် ကျန်နေတဲ့ဟားမတ်စ်ခေါင်းဆောင်တွေကို နှိမ်နှင်းဖို့ တခြားပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာနည်းလမ်းတွေ ရှိကြောင်း ကာဘီက ပြောပါတယ်။

 

အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၃၅,၀၀၀ ဝန်းကျင် သေဆုံးသွားပြီဖြစ်သလို ၈၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး အများစုဟာ အရပ်သားတွေဖြစ်ကြောင်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

Ref: Israel Strikes Eastern Rafah as Ceasefire Talks End with No Deal

 

#PeopleMedia


Share this post