အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ထွက်ခွာခွင့်မပြုမိစေဖို့ စနစ်တကျစိစစ်တားဆီးရန် ပြည်ထောင်စုဝန်ကြီးမှာကြား
PUBLISHED - November 5, 2024
နေပြည်တော်၊ နိုဝင်ဘာ ၅
အမည်မည်းစာရင်းရေးသွင်းထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေဖို့ စနစ်တကျစိစစ်တားဆီးနိုင်ရေး ဂရုပြုဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားလိုက်သည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့သွားရောက်၍ လေဆိပ်ရှိ CIP Leunge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများကိုတွေ့ဆုံခဲ့စဉ် မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာတတ်ကျွမ်းနားလည်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အမည်မည်းစာရင်းရေးသွင်း ထားသူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျစိစစ်တားဆီးနိုင်ရေးနှင့် အမည်မည်းစာရင်း မရှိသူများကို မှားယွင်းတားဆီးမှုမရှိစေရေး အလေး အနက်ထား ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေး သတိအမြဲရှိစေရန်လိုအပ်ပြီး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။
ထို့နောက် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်းအခြေအနေ၊ ရက်လွန်ဒဏ်ကြေးအခငွေ ကောက်ခံဆောင်ရွက်သည့် ကောင်တာနှင့် အလုပ်သမား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ သတင်းပို့ကောင်တာ၊ ပြည်ပဆိုက်ရောက် ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိ လာသည့် ခရီးသည်များ စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
#PeopleMedia