အမေရိကန်ကွန်ဂရက်က စစ်ရေးအကူအညီမပေးရင် ယူကရိန်းစစ်ရှုံးမှာဖြစ်ကြောင်း ဇီလန်စကီးပြော
PUBLISHED - April 9, 2024
နိုင်ငံတကာ၊ ဧပြီ ၉
အမေရိကန်ကွန်ဂရက်လွှတ်တော်က စစ်ရေးအကူအညီပေးဖို့ ခွင့်မပြုဘူးဆိုရင် လက်ရှိဖြစ်ပွားနေတဲ့ ရုရှားတပ် တွေကို ခုခံတိုက်ခိုက်နေတဲ့စစ်ပွဲမှာ ယူကရိန်းနိုင်ငံဟာ ရှုံးနိမ့်သွားမှာဖြစ်ကြောင်း သမ္မတဗလာဒီမာဇီလန်စကီး က တနင်္ဂနွေနေ့ (ဧပြီ ၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ချာဆစ်ဗ်ယာမြို့ ရှေ့တန်းတစ်ဝိုက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ခက်ခဲပြင်းထန်ပေမဲ့ ယူကရိန်းတပ်တွေ ဟာ အပြင်းအထန် ခုခံတိုက်ခိုက်နေကြကြောင်း ယူကရိန်းတပ်မတော်က ပြောပါတယ်။
နှစ်ဖက်စလုံးက လေကြောင်းကနေ အရှိန်မြှင့်တိုက်ခိုက်နေချိန်မှာ ၂၀၂၂ ခုနှစ်စတင်ကျူးကျော်ကတည်းက ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ ဇာပိုရီဇီးယားနျူကလီးယားဓာတ်အားပေးစက်ရုံကို ယူကရိန်းဒရုန်းတစ်စင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရုရှားဘက်က ပြောပါတယ်။
ကွန်ဂရက်လွှတ်တော်ထဲမှာ ရီပတ်ဘလီကန်အမတ်တွေ လပေါင်းများစွာ ကန့်ကွက်ပိတ်ဆို့ထားခဲ့တဲ့ အဆိုပြု ထားတဲ့ ဒေါ်လာ ဘီလျံ ၆၀ တန်ကြေးရှိတဲ့ အကူအညီတေါကို စတင်ပို့ဆောင်ပေးဖို့ ယူကရိန်းအစိုးရက အမေ ရိကန်ပြည်ထောင်စုကို အရေးတကြီးတောင်းဆိုထားပါတယ်။
“ကွန်ဂရက်လွှတ်တော်က မကူညီဘူးဆိုရင် ယူကရိန်းစစ်ရှုံးမှာဖြစ်တယ်ဆိုတာကို ကွန်ဂရက်လွှတ်တော်ကို ပြောဖို့ အလွန်အရေးကြီးပါတယ်။” လို့ ဇီလန်စကီးက အွန်လိုင်းအစည်းအဝေးကျင်းပစဉ် ပြောပါတယ်။
“အကူအညီတွေမရှိဘဲနဲ့ ယူကရိန်း ဆက်လက်ရှင်သန်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ယူကရိန်း စစ်ရှုံးသွားပြီဆိုရင် တခြားနိုင်ငံတွေလည်း တိုက်ခိုက်ခံရမှာပါ။” လို့ ၎င်းက ပြောပါတယ်။
ရုရှားတပ်တွေဟာ လတ်တလောကာလအတွင်း နယ်မြေသိမ်းပိုက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လာကြရာ ချာဆစ်ဗ်ယာမြို့ကို အရှိန်မြှင့်တိုက်ခိုက်ခဲ့ကြပါတယ်။
ချာဆစ်ဗ်ယာမြို့ဟာ ယူကရိန်းတပ်တွေအတွက် အရေးပါတဲ့ရထားလမ်းကြောင်းနဲ့ လော်ဂျစ်စတစ်ဗဟိုချက်မ ဖြစ်တဲ့ ကရာမာတိုရပ်စ်ခ်မြို့ကနေ ကီလိုမီတာ ၃၀ (၁၈ မိုင်) ဝန်းကျင်သာ ဝေးပါတယ်။
“တိုက်ပွဲတွေပြင်းထန်ပြီး အခြေအနေက အရမ်းခက်ခဲပါတယ်။” လို့ နယ်မြေအတွင်း တပ်ဖြန့်ချထားတဲ့ ယူက ရိန်းကြည်းတပ် ပြောခွင့်ရပုဂ္ဂိုလ် အိုလက်ကလက်ရှ်နီကော့ဗ်က ပြောပါတယ်။
ရုရှားတွေဟာ ခြေလျင်တိုက်ခိုက်ရေးတပ်တွေရော လေကြောင်း တိုက်ခိုက်မှုတွေရော အသုံးပြုပြီး ပြင်းပြင်းထန် ထန်တိုက်ခိုက်နေကြောင်း ၎င်းက ယူကရိန်းရုပ်သံဌာနကို ပြောပါတယ်။
Ref: Ukraine Will Lose War if US Congress Withholds Aid: Zelensky
#PeopleMedia