• Follow Us on
Latest News

Home အမေရိကန်က စက်တင်ဘာမှာ ယူကရိန်း F-16 လေသူရဲတွေကို စတင်လေ့ကျင့်သင်ကြားပေးတော့မည်

အမေရိကန်က စက်တင်ဘာမှာ ယူကရိန်း F-16 လေသူရဲတွေကို စတင်လေ့ကျင့်သင်ကြားပေးတော့မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၅

 

ရုရှားတပ်တွေကို ပြန်လည်ခုခံတိုက်ခိုက်ရာမှာ ခေတ်မီဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းတွေအသုံးပြုနိုင် ရေးအတွက် စက်တင်ဘာလကစပြီး အမေရိကန်ပြည်ထောင်စုမှာ ယူကရိန်းလေသူရဲတွေကို F-16 ဂျက်တိုက် လေယာဉ်တွေကိုင်တွယ်မောင်းနှင်တတ်ဖို့ လေ့ကျင့်သင်ကြားပေးသွားတော့မှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာန ချုပ်က ကြာသပတေးနေ့ (သြဂုတ်လ ၂၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ရုရှားတပ်တွေကို ပြန်လည်တိုက်ခိုက်ရာမှာ ပိုမိုတိုက်ပွဲဝင်နိုင်ရေးအတွက် အနောက်နိုင်ငံ တွေက ခေတ်မီဂျက်တိုက်လေယာဉ်တွေရရှိရေး ကြိုးပမ်းလာခဲ့တာ နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အချိန်မှာလည်း ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့နယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ယူကရိန်းတပ် တွေဟာ တန်ပြန်ထိုးစစ်ဆင်နွှဲနေကြပါတယ်။

 

အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းလေသူရဲတချို့နဲ့ လေယာဉ်တွေပြုပြင်ထိန်းသိမ်းနိုင်အောင် စက်မှုအရာရှိ/ စစ်သည်တချို့ကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရပုဂ္ဂိုလ် ပတ်ရွိင်ဒါ က ပြောပါတယ်။

 

“အဲဒီလေသူရဲတွေဟာ အရီဇိုးနားပြည်နယ်မှာ F-16 ဂျက်တိုက်လေယာဉ်မောင်းသင်တန်းမတက်ရောက်ခင် တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှာရှိတဲ့ လက်လန်းဒ်လေတပ်အခြေစိုက်စခန်းမှာရှိတဲ့ အင်္ဂလိပ်ဘာ သာစကားသင်တန်းကို အရင်တက်ရောက်ရမှာဖြစ်ပါတယ်။” လို့ ပတ်ရွိုင်ဒါက ပြောပါတယ်။

 

F-16 ဂျက်တိုက်လေယာဉ်မောင်းသင်တန်းကိုတော့ အရီဇိုးနီးပြည်နယ် မောရစ်လေကြောင်းအမျိုးသားလုံခြုံ ရေးအခြေစိုက်စခန်း (Morris Air National Guard Base) မှာ သင်ကြားသွားမှာဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောပါတယ်။

 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးတို့ဟာ လေယာဉ်မောင်းသင်တန်းနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့က ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

 

“ရုရှားကျူးကျော်စစ်ရှိနေသမျှကာလပတ်လုံး ယူကရိန်းတွေရဲ့ခုခံစစ်ကို ထောက်ပံသွားမယ့် အမေရိကန်နိုင်ငံ ရဲ့ကတိကဝတ်ကို သမ္မတဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့ပြီး ရုရှားရဲ့လုပ်ရပ်အတွက် ရုရှားနိုင်ငံကတာဝန် ခံရမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း” အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

အမေရိကန်ရဲ့အစီအစဉ်ဟာ အမေရိကန်ထုတ် F-16 ဂျက်တိုက်လေယာဉ်တွေမောင်းနှင်နည်းသင်ကြားပေး တော့မယ်လို့ ဥရောပတိုင်းပြည်တွေကကြေညာခဲ့တဲ့ အစီအစဉ်တွေထက် ပိုမိုကျယ်ပြန့်တယ်လို့ဆိုပါတယ်။

 

ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတွေအနေနဲ့ ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားပြီးချိန်မှာ ၎င်းတို့ရဲ့ F-16 ဂျက်တိုက်လေယာဉ်တွေကို ယူကရိန်းကို လွှဲပြောင်းပေးနိုင်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။

 

နော်ဝေနိုင်ငံကလည်း ၎င်းတို့နိုင်ငံရဲ့ F-16 ဂျက်တိုက်လေယာဉ် ၅ စင်းကနေ ၁၀ စင်းအထိ ယူကရိန်းနိုင်ငံကို လှူဒါန်းသွားမှာဖြစ်ကြောင်း ကြာသပတေးနေ့က NTB သတင်းဌာနက ပြောပါတယ်။

 

လေ့ကျင့်သင်ကြားမှုဟာ ယူကရိန်းလေသူရဲတွေရဲ့ အခြေခံကျွမ်းကျင်မှုပေါ်မူတည်ပြီး ပုံမှန်အားဖြင့် ငါးလကနေ ရှစ်လအတွင်း ကြာမြင့်နိုင်ကြောင်း ရွိုင်ဒါက ပြောပါတယ်။

 

“ဒီဂျက်တိုက်လေယာဉ်တွေ မောင်းနှင်ပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ရှုှပ်ထွေးမှုတွေနဲ့ သီးသန့်အင်္ဂလိပ်ဘာ သာစကားအခြေအနေတွေကို ကြည့်လိုက်ရင် သင်တန်းအစမှာတက်ရောက်ရမယ့် ဘာသာစကားသင်တန်း ဟာ အလွန်အရေးကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတို့ဟာ ယူကရိန်းတွေလိုအပ်နေတဲ့ လေသူရဲသင်တန်းတွေ မဆောင်ရွက်ပေးနိုင်ခင် မှာပဲ အမေရိကန်အစိုးရက ၎င်းတို့ရဲ့သီးသန့်အစီအစဉ်နဲ့အတူ အခုလို ရှေ့ကနေ ဦးဆောင်လမ်းပြဆောင်ရွက် လိုက်တာဖြစ်ကြောင်း ရွိုင်ဒါက ပြောပါတယ်။

 

“ဒိန်းမတ်နဲ့ နယ်သာလန်နိုင်ငံတွေကလည်း ယူကရိန်းလေသူရဲတွေကို သင်တန်းတွေပို့ချပေးဖို့ ပြင်ဆင်နေတာ ကျွန်တော်တို့သိပါတယ်။ သူတို့လည်း သူတို့အစီအစဉ်ကို မကြာခင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: US to Begin Training Ukraine F-16 Pilots in September: Pentagon

 

#PeopleMedia


Share this post