• Follow Us on

Home အမေရိကန်က စစ်ရေးအရကူညီမယ်ဆိုတဲ့ကမ်းလှမ်းချက် ဖိလစ်ပိုင်ငြင်းပယ်

အမေရိကန်က စစ်ရေးအရကူညီမယ်ဆိုတဲ့ကမ်းလှမ်းချက် ဖိလစ်ပိုင်ငြင်းပယ်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၀

 

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေမြင့်တက်နေတဲ့ ဖိလစ်ပိုင်ကို စစ်ရေးအရ အကူအညီ ပေးဖို့ အမေရိကန်ရဲ့ကမ်းလှမ်းချက်ကို ဖိလစ်ပိုင်အစိုးရက ငြင်းပယ်လိုက်ပါတယ်။

 

အငြင်းပွားသောင်တန်းမှာ ဖိလစ်ပိုင်တပ်ဖွဲ့ရိက္ခာဖြည့်တင်းရေးခရီးစဉ်အတွင်း ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေနဲ့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် အခုလို အမေရိကန်ဘက်က ကမ်းလှမ်းလာတာဖြစ် ကြောင်း ဖိလစ်ပိုင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာဂျူနီယာက ပြောပါတယ်။

 

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမေရိကန်အစိုးရက စစ်ရေးအရအကူအညီပေးဖို့ ကမ်းလှမ်းလာခဲ့ပေမဲ့ ဖိလစ် ပိုင်အနေနဲ့ အဲဒီပြဿနာကို ကိုယ်တိုင်ဖြေရှင်းသွားချင်ကြောင်း ၎င်းက ပြောပါတယ်။

 

“မှန်ပါတယ်။ သူတို့ ကျွန်တော်တို့ကို ကူညီဖို့ကမ်းလှမ်းလာပါတယ်။ တစ်နည်းနည်းနဲ့ သူတို့ ဘယ်လိုကူညီ ရမ လဲလို့ ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ အကူအညီမတောင်းခင်မှာ ကျွန်တော်တို့မှာရှိသမျှနည်းလမ်း အားလုံးနဲ့ ဖြေရှင်းနိုင်ဖို့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်။” လို့ ဗိုလ်ချုပ်ကြီး ဘရော်နာ က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ၁၉၅၁ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ ကာကွယ်ရေးစာချုပ်မှာ တစ်နိုင်ငံကို စစ်ရေးအရ တိုက်ခိုက်လာခဲ့ရင် တခြားတစ်နိုင်ငံက ထောက်ပံ့ကူညီရမယ်ဆိုတဲ့အချက် ပါရှိပါတယ်။

 

ဇွန်လ ၁၇ ရက်နေ့က တရုတ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်ထဲက မဟာဗျူဟာမြောက် ကျောက် တန်းတစ်ခုအနီးမှာ ဖိလစ်ပိုင်ရိက္ခာပို့သင်္ဘောတွေကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့ပါတယ်။

 

ဖိလစ်ပိုင်သင်္ဘောတွေဟာ Second Thomas Shoal ခေါ် သောင်စွယ်တန်းမှာ ကျောက်ချထားတဲ့ ဖိလစ်ပိုင် သင်္ဘောပျက်မှာ တာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာသွားရောက်ပို့ဆောင်တာဖြစ်ပါတယ်။

 

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ဓားတွေ၊ ပုဆိန်တွေနဲ့ တခြားလက်နက်တွေကိုင်ဆောင်ပြီး ဖိလစ်ပိုင် တပ်ဖွဲ့ဝင်တွေကို ခြိမ်းခြောက်ခဲ့ကြပါတယ်။

 

ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ရော်ဘာလှေတစ်စီးကို တရုတ်စစ်သားတစ်ဦးက လေလျှော့နေစဉ်အတွင်း နှစ်ဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ ဖိလစ်ပိုင်စစ်သည်တစ်ဦး လက်မတစ်ချောင်းပြတ်ထွက်သွားခဲ့တာကို ဗီဒီယို ဖိုင်ထဲမှာ တွေ့မြင်ရပါတယ်။

 

ဒီနောက်ဆုံးဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အရ နှစ်နိုင်ငံစစ်ရေးစာချုပ်အတိုင်းအကူအညီတောင်းရေး စဉ်းစားဖို့ တောင်းဆို ချက်တွေထွက်ပေါ်လာခဲ့ပေမဲ့ ဒီဖြစ်စဉ်ဟာ အဲဒီလိုစစ်ရေးအကူအညီတောင်းတဲ့အဆင့်အထိ ရောက်လာမယ့် ဖြစ်စဉ်မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးရဲ့အမှုဆောင်အတွင်းရေးမှူး လူးကက်စ်ဘာစမင်က ပြောပါတယ်။

 

“သိတဲ့အတိုင်းပဲ ဒီပြဿနာမျိုးဟာ နားလည်မှုလွဲတာနဲ့ မတော်တဆဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို စစ်ရေး အရ လက်နက်ကိုင်တိုက်ခိုက်မှုတစ်ရပ်အဖြစ် သတ်မှတ်ဖို့ အဆင်မပြေပါဘူး။ ကျွန်တော်တို့ မြင်ရတဲ့အရာတွေ ထဲမှာ ဓားတွေ၊ ပုဆိန်တွေအပြင် တခြားဘာတွေ တွေ့မြင်ရသလဲဆိုတာ ကျွန်တော်မသိပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ အဆိုပါအငြင်းပွားရေပိုင်နက်မှာ အလားတူထိပ်တိုက်တွေ့ဆုံမှုမျိုး မကြာခဏ ဖြစ်ပွား လေ့ရှိပါတယ်။

 

Ref: Philippines Turned Down US Help on China Row: Official

 

#PeopleMedia


Share this post