အမေရိကန်က ရုရှားပိုင်ဆိုင်မှုတွေသိမ်းယူရင် အမေရိကန်ပိုင်ဆိုင်မှုတွေသိမ်းယူနိုင်မယ့် ဥပဒေတစ်ရပ် သမ္မတပူတင် လက်မှတ်ရေးထိုး
PUBLISHED - May 24, 2024
နိုင်ငံတကာ၊ မေ ၂၄
အမေရိကန်နိုင်ငံမှာ သိမ်းဆည်းခံလိုက်ရတဲ့ ရုရှားနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေအတွက် လျော်ကြေးပေးဖို့ အမေရိကန် ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ရုရှားနိုင်ငံကို သိမ်းဆည်းခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို ရုရှား သမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။
အနောက်နိုင်ငံတွေမှာ သိမ်းဆည်းခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး စက်မှုထိပ်သီး ခုနစ်နိုင်ငံ (G7) နိုင်ငံတွေက ဘဏ္ဍာရေးဝန်ကြီးတွေ အစည်းအဝေးတစ်ရပ်စတင် ကျင်းပနေစဉ် ကြာသပတေးနေ့ (မေလ ၂၃ ရက်နေ့) မှာပဲ ရုရှားအစိုးရက အဆိုပါအမိန့်ကို ထုတ်ပြန်ကြေညာ လိုက်တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားနိုင် ငံပြင်ပရှိ ဒေါ်လာဘီလျံ ၂၆၀ တန် ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ ယူကရိန်းနဲ့ ယူကရိန်းနိုင်ငံကို ထောက်ခံတဲ့နိုင်ငံ တွေက တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေနဲ့ ဘဏ္ဍာရေး မတည်ငြိမ်မှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်ပြီး ဥရောပကအရာရှိတွေက ရုရှားနိုင်ငံ ပြင်ပက ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံရှိ ရုရှားပိုင်ဆိုင်မှု ဒေါ်လာ ၅ ဘီလျံကို အမေရိကန်အစိုးရက သိမ်းဆည်းခွင့်ရှိတဲ့ “ယူကရိန်းနိုင်ငံအတွက် စီးပွားရေးကြွယ်ဝချမ်းသာမှုနဲ့ အခွင့်အလမ်းများ ပြန်လည်တည်ဆောက်ရေး အက်ဥပဒေ” ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဧပြီလအတွင်းက လက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီဥပဒေမှာ ယူကရိန်းနိုင်ငံနဲ့ တခြားနိုင်ငံတွေရဲ့ ကာကွယ်ရေးအတွက် ဒေါ်လာ ၆၁ ဘီလျံ ထောက်ပံ့ပေးမယ့် အမေရိကန်အကူအညီပေးရေးအစီအစဉ်လည်းပါဝင်ပါတယ်။
ဒါပေမဲ့ G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောတူညီချက်မရရှိဘဲနဲ့ အမေရိကန်အစိုး ရက ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူနိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။
ရုရှားကုမ္ပဏီတွေ၊ ရုရှားဗဟိုဘဏ်နဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ အမေရိကန်နိုင်ငံထဲမှာ ပိုင်ဆိုင်မှုတွေ သိမ်း ဆည်းခံရတာနဲ့ပတ်သက်လို့ မတရားသိမ်းဆည်းခံရမှုအဖြစ် ကြေညာဖို့ ရုရှားတရားရုံးတွေမှာ လျှောက်ထားနိုင် ကြောင်း ပူတင်လက်မှတ်ထိုးခဲ့တဲ့ အဲဒီဥပဒေထဲမှာ ဖော်ပြထားပါတယ်။
လျှောက်ထားမှုကို ရုရှားတရားရုံးက လက်ခံပြီဆိုရင် အဆိုပါ အဖွဲ့အစည်း/လူပုဂ္ဂိုလ်တွေကို မတရားသိမ်းဆည်း ခံရတဲ့လျော်ကြေးအဖြစ် ရုရှားနိုင်ငံထဲမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်ကုမ္ပဏီတွေ ပိုင်ဆိုင်တဲ့ မြေရာအဆောက်အဦတွေ၊ ရုရှားကုမ္ပဏီတွေမှာ ထည့်ဝင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ရှယ်ယာတွေကို ရုရှားအ စိုးရကော်မရှင်တစ်ဖွဲ့က လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Putin signs decree allowing seizure of Americans’ assets if US confiscates Russian holdings
#PeopleMedia