အမေရိကန်က အရှေ့အလယ်ပိုင်းကို စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ တိုးမြှင့်စေလွှတ်မည်
PUBLISHED - August 3, 2024
နိုင်ငံတကာ၊ သြဂုတ် ၃
အီရန်နဲ့ ၎င်းတို့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ဟားမတ်စ်၊ ဟစ်ဘိုလာတို့ရဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာပြီးနောက် အမေရိကန်အစိုးရက ကာကွယ်ရေးအစီအစဉ်တွေကို မြှင့်တင်ဖို့ ကြိုးပမ်းနေစဉ်အတွင်း အမေရိကန်တပ်မတော် က အရှေ့အလယ်ပိုင်းဒေသကို နောက်ထပ် ဂျက်တိုက်လေယာဉ်တွေနဲ့ ရေတပ်စစ်သင်္ဘောတွေ ထပ်မံစေ လွှတ်သွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့ (သြဂုတ်လ ၂ ရက်နေ့) က ပြောပါတယ်။
တီဟီရန်မြို့မှာ လွန်ခဲ့တဲ့နှစ်ရက်က ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟန်နီယက်လုပ်ကြံသတ်ဖြတ်ခံလိုက် ရတာကို လက်စားချေတုံ့ပြန်ဖို့ ၎င်းတို့ရဲ့ဆုံးဖြတ်ချက်ကို အောင်မြင်အောင်ဆောင်ရွက်မယ့် အီရန်နိုင်ငံကို ရင် ဆိုင်ဖို့အတွက် အမေရိကန်အစိုးရက အသင့်ပြင်ဆင်ထားပါတယ်။
ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနိုင်တဲ့ ရေတပ် ခရုဇာသင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေကို အရှေ့အလယ်ပိုင်းဒေသ နဲ့ ဥရောပကို ထပ်မံစေလွှတ်ဖို့အတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ခွင့်ပြုခဲ့ပါတယ်။ အ ရှေ့အလယ်ပိုင်းဒေသကို နောက်ထပ် ဂျက်တိုက်လေယာဉ်အုပ်တစ်အုပ်လည်း ထပ်မံစေလွှတ်သွားမှာဖြစ်ပါ တယ်။
“အမေရိကန်တပ်ဖွဲ့တွေ ကာကွယ်ရေးမြှင့်တင်ဖို့၊ အစ္စရေးနိုင်ငံ ကာကွယ်ရေးအတွက် ထောက်ပံ့မှုတွေမြှင့်တင် ဖို့နဲ့ ဖြစ်လာနိုင်သမျှ အရေးပေါ်ကိစ္စတွေကို တုံ့ပြန်ရာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အသင့်ဖြစ်နေစေဖို့ အတွက် စီစဉ်ထားတဲ့ အမေရိကန်တပ်မတော်ရဲ့ စစ်အင်အားကို ပြန်လည်ချိန်ညှိဖို့ ကာကွယ်ရေးဝန်ကြီး သြစ တင်က ညွှန်ကြားခဲ့ပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။
ယူအက်စ်အက်စ်သီယိုဒို ရုစဘဲ့ (USS Theodore Roosevelt) လေယာဉ်တင်သင်္ဘောအုပ်စုဟာ အရှေ့အ လယ်ပိုင်းမှာ လက်ရှိတပ်ဖြန့်ချထားပြီးသားဖြစ်တဲ့အတွက် အဲဒီလေယာဉ်တင်သင်္ဘောအုပ်စုကိုတော့ ပြန်လည် အစားထိုးနိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းထားကြပါတယ်။
ဒါပေမဲ့ ယူအက်စ်အက်စ်သီယိုဒို ရုစဘဲ့လေယာဉ်တင်သင်္ဘောအုပ်စုကို ယူအက်စ်အက်စ်အေဘရာဟမ်လင် ကွန်းလေယာဉ်တင်သင်္ဘောအုပ်စု (USS Abraham Lincoln Carrier) နဲ့ အလှည့်ကျ အစားထိုး တာဝန်ထမ်း ဆောင်ခိုင်းဖို့ သြစတင်က ဆုံးဖြတ်ခဲ့ပါတယ်။
တိုက်ပွဲဝင်အသင့်ဖြစ်မှု မြှင့်တင်ရေးအတွက် မြေပြင်ခြေစိုက် ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုလည်း ပိုမိုတပ်ဖြန့် ချထားမှာဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။
အီရန်က အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ မတိုင်ခင်ကတည်းက အမေ ရိကန်စစ်တပ်ဟာ ဒေသတွင်း တပ်ဖြန့်ချထားမှုကို တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။
Ref: U.S. to send more warships, fighter jets to Middle East to bolster defenses
#PeopleMedia