• Follow Us on
Latest News

Home အမေရိကန်က F-35 အပြင် အိန္ဒိယနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ တိုးမြှင့်ရောင်းချပေးသွားမည်

အမေရိကန်က F-35 အပြင် အိန္ဒိယနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ တိုးမြှင့်ရောင်းချပေးသွားမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

ခေတ်မီ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ အိန္ဒိယနိုင်ငံကို ရောင်းချပေးဖို့ စီစဉ်နေတာ မှန်ကန်ကြောင်း အမေ ရိကန်ပြည်ထောင်စုက ဖေဖော်ဝါရီ ၁၄ ရက်နေ့က အတည်ပြုပြောကြားလိုက်ပါတယ်။

 

ဒေါ်လာဘီလျံပေါင်းများစွာတန်ကြေးရှိတဲ့ F-35 ဂျက်တိုက်လေယာဉ်တွေကို အခုလို ရောင်းချပေးမယ်ဆိုတာ အမေရိ ကန်နဲ့ အိန္ဒိယကြား မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေး ပိုမိုနက်ရှိုင်းကျယ်ပြန့်လာတာဖြစ်သလို အိန္ဒိယနိုင်ငံ ဟာလည်း F-35 အသုံးပြုခွင့်ရတဲ့ သီးသန့်နိုင်ငံတွေထဲမှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။

 

နှစ်နိုင်ငံဆွေးနွေးပြီးနောက် ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကာကွယ်ရေး မိတ်ဖက်နိုင်ငံရဲ့ ဆက်ဆံရေးကျယ်ပြန့်မှှုကို အလေးထားပြောကြားပါတယ်။

 

“ဒီနှစ်ကစပြီးတော့ အိန္ဒိယနိုင်ငံအတွက် ဒေါ်လာဘီလျံပေါင်းများစွာတန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ကျွန် တော်တို့ တိုးမြှင့်ရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကိုလည်း အိန္ဒိယ နိုင်ငံကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။” လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ ယှဉ်တွဲရပ်နေတဲ့ ထရမ့်က ပြောပါတယ်။

 

ပထဝီနိုင်ငံရေးမြင်ကွင်း ရှုပ်ထွေးမှုတွေ မြင့်တက်လာချိန် နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ကြိုး ပမ်းနေတဲ့အချိန်မှာ အခုကြေညာချက်ဟာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးမဟာမိတ်ဆက်ဆံမှု တိုးမြှင့် လာတာကို ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။

 

အမေရိကန်၊ အိန္ဒိယ၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံတို့ပါဝင်တဲ့ လေးပွင့်ဆိုင်စစ်ရေးမဟာမိတ်အဖွဲ့ (Quad) ရဲ့ အခန်းကဏ္ဍ ကိုလည်း ထရမ့်က အလေးထားပြောဆိုခဲ့ပါတယ်။

 

“၂၀၁၇ ခုနှစ်မှာတုန်းက Quad စစ်ရေးမဟာမိတ်အဖွဲ့ကို ကျွန်တော့်အစိုးရက ပြန်လည်အသက်သွင်း အားဖြည့်ခဲ့ပါ တယ်။ အမေရိကန်၊ အိန္ဒိယ၊ သြစတေးလျနဲ့ ဂျပန်နိုင်ငံကြားမှာ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေ တည်ဆောက်ဖို့ ဝန် ကြီးချုပ်နဲ့ ကျွန်တော် ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေး၊ ကြွယ်ဝရေးနဲ့ တည်ငြိမ် အေးချမ်းရေးတို့ကို ထိန်းသိမ်းထားဖို့အတွက် အလွန်ကို အရေးကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

နိုင်ငံတကာတင်းမာမှုတွေ မြင့်တက်နေတဲ့ကြားမှာ လုံခြုံရေးခြိမ်းခြောက်မှုတွေ တုံ့ပြန်မှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးအ တွက် အာရုံစိုက်ဆောင်ရွက်နေတဲ့အတွက် အင်ဒို-ပစိဖိတ် ဒေသဟာ နှစ်နိုင်ငံစလုံးအတွက် အဓိကအာရုံစိုက်နေရတဲ့ ဒေသဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံက F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူမယ့်အစီအစဉ်ဟာ အိန္ဒိယလေတပ် အဆင့်မြှင့် တင်ရေးအတွက် အဓိကအရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

 

ပုံမှန်အားဖြင့် အနောက်အုပ်စုနဲ့ ရုရှား နည်းပညာတွေကို ရောနှောပေါင်းစပ်မှီခိုနေတဲ့ အိန္ဒိယနိုင်ငံဟာ အခုလို အမေရိ ကန်စစ်လက်နက်ပစ္စည်းကို ပြောင်းလဲဝယ်ယူလာတာဟာ အိန္ဒိယရဲ့ စစ်ရေးမဟာဗျူဟာ တဖြည်းဖြည်း ပြောင်းလဲလာ တာကိုလည်း ထင်ဟပ်ပေါ်လွင်စေပါတယ်။

 

လေယာဉ်တွေ ပို့ဆောင်ပေးမယ့် အချိန်အတိအကျကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အခုသဘောတူညီချက်ဟာ နှစ်နိုင်ငံကြား စစ်ရေးဆက်ဆံမှု မြှင့်တင်ဖို့အတွက် ခိုင်မာတဲ့ကတိကဝတ်ကို ပြသလိုက်တာဖြစ်ပါတယ်။

 

Ref: Donald Trump says US to increase military sales to India, eventually provide F-35 jets

 

#PeopleMedia


Share this post