အမေရိကန်စစ်သင်္ဘောက ဟူသီသူပုန်တွေပစ်လိုက်တဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချခဲ့

PUBLISHED - October 20, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀
အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ယီမင်နိုင်ငံက ဟူသီသူပုန်တွေ ကြာသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက် နေ့) က ပစ်ခတ်လိုက်တဲ့ ခရုစ်ဒုံးကျည် ၃ စင်းနဲ့ ၎င်းတို့ လွှတ်တင်လိုက်တဲ့ ဒရုန်းတချို့ကို အမေရိကန်စစ် သင်္ဘောတစ်စီးက ကြားဖြတ်တိုက်ခိုက်ပြီးပစ်ချခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားလိုက်ပါတယ်။
အဲဒီဒုံးကျည်တွေနဲ့ ဒရုန်းတွေဟာ အစ္စရေးနိုင်ငံဘက်ကို ဦးတည်သွားလာနေတာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာန ချုပ်က ပြောပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်ပွားနေစဉ် ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေစဉ်အတွင်း အီရန်ကျောထောက် နောက်ခံပြုထားတဲ့အုပ်စုတွေရဲ့ ဆောင်ရွက်မှုတွေကို အမေရိကန်အစိုးရက အထူးသတိထားစောင့်ကြည့်လျက် ရှိပါတယ်။
ကြာသပတေးနေ့က အဲဒီဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချလိုက်တဲ့အချိန်မှာ အမေရိကန် USS Carney (ယူအက်စ်အက်စ်ကာနေး) ဖျက်သင်္ဘောဟာ ပင်လယ်နီမြောက်ပိုင်းမှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နေတာဖြစ်ဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။
“အဲဒီဒုံးကျည်တွေနဲ့ ဒရုန်းတွေက ဘာကိုပစ်မှတ်ထားပျံသန်းလာတယ်ဆိုတာ ကျွန်တော်တို့ အတိအကျကြီး တော့မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ယီမင်နိုင်ငံထဲကပစ်လွှတ်လိုက်တာဖြစ်ပြီး သူ တို့ဦးတည်နေတာက ပင်လယ်နီမြောက်ပိုင်းဘက်ကို ဦးတည်နေတာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ အစ္စရေးနိုင်ငံထဲက ပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်တာဖြစ်နိုင်ပါတယ်။” လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ပက်ထရစ်ရွိုင်ဒါက သတင်းထောက်တွေကို ပြောပါတယ်။
“အဲဒီဒုံးကျည်တွေရဲ့ပျံသန်းမှုလမ်းကြောင်းကို အခြေခံကြည့်လိုက်ရင် ခြိမ်းခြောက်မှုဖြစ်လာနိုင်တာကြောင့် အဲဒီ ဒုံးကျည်တွေကို ပစ်ချခဲ့တာဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေကိုကာကွယ်ဖို့နဲ့ အရေးကြီးတဲ့ဒီဒေသတွင်းမှာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ှုအတွက် လိုအပ်တာမှန်သမျှ ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အဲဒီဒုံးကျည်တွေဟာ အမေရိကန်စစ်သင်္ဘောကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာမဟုတ်ကြောင်း အမည်မဖော်လို တဲ့ အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောနှစ်စီး၊ အထောက်အကူပြုစစ်သင်္ဘောတွေနဲ့ မရိန်းတပ်ဖွဲ့ဝင်အင်အား ၂၀၀၀ ကို စေလွှတ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ နဂိုကတည်းက အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ ဂျက်တိုက်လေ ယာဉ်တွေနဲ့ စစ်သင်္ဘောတွေ တပ်ဖြန့်ချထားပြီးသားဖြစ်ပါတယ်။
ဟူသီသူပုန်တွေဟာ ပါလက်စတိုင်းတွေကိုထောက်ခံကြောင်း ပြောဆိုခဲ့ပြီး အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ အစ္စရေး ကိုခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ အဲဒီဟူသီသူပုန်အုပ်စုရဲ့ ကြွေးကြော်သံဆောင်ပုဒ်ကတော့ “အမေရိကန်ကျဆုံး ပါစေ၊ အစ္စရေးကျဆုံးပါစေ၊ အစ္စရေးပျက်စီးပါစေ၊ အစ္စလာမ်တွေ အောင်ပွဲရပါစေ” ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်နေတာတွေ မရပ်တန့်ခဲ့ရင် ခြိမ်းခြောက်မှုတွေနဲ့ ပိုမို ရင်ဆိုင်ရမှာဖြစ်ကြောင်း အီရန်နိုင်ငံက အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။
Ref: US Navy warship near Yemen intercepted projectiles, Pentagon says
#PeopleMedia