• Follow Us on
Latest News

Home အမေရိကန်တပ်မတော် ကမ္ဘာ့နံပတ်တစ်နေရာ ဆက်လက်ရယူထားသလို အိန္ဒိယက ဗြိတိန်ကို ကျော်တက်

အမေရိကန်တပ်မတော် ကမ္ဘာ့နံပတ်တစ်နေရာ ဆက်လက်ရယူထားသလို အိန္ဒိယက ဗြိတိန်ကို ကျော်တက်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈

 

အမေရိကန်တပ်မတော်ဟာ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံးတပ်မတော်အဖြစ် ဆက်လက်ရပ်တည်လျက် ရှိကြောင်း Global Firepower ရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

တပ်ဖွဲ့ဝင်အင်အား၊ စစ်လက်နက်ပစ္စည်းနဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုတွေလို အချက်အလက်ပေါင်း ၆၀ ကို အခြေခံ ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅ နိုင်ငံရဲ့တပ်မတော်တွေကို ဆန်းစစ်လေ့လာအဆင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 

စစ်စခန်းအရေအတွက်၊ ဘဏ္ဍာရေးအခြေအနေနဲ့ ရင်းမြစ်ခွဲဝေသုံးစွဲမှုအဆင့်မှာလည်း အမေရိကန်တပ်မတော် ဟာ ထိပ်ဆုံးအဆင့်မှာရှိပါတယ်။

 

အမေရိကန်တပ်မတော်မှာ ဖျက်သင်္ဘော ၉၂ စီး၊ လေယာဉ်တင်သင်္ဘော ၁၁ စီး၊ လေယာဉ်မျိုးစုံ ၁၃၃၀၀ စင်းနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ၉၈၃ စင်းရှိတဲ့အတွက် ကမ္ဘာပေါ်မှာအင်အားအကောင်းဆုံးလို့ ဆိုပါတယ်။

 

ဒါ့အပြင် အမေရိကန်တပ်မတော်ရဲ့စစ်အသုံးစရိတ်ဟာ ဒေါ်လာ ၈၈၆ ဘီလျံရှိတဲ့အတွက် စာရင်းထဲမှာပါတဲ့နိုင်ငံ အားလုံးထဲမှာ စစ်အသုံးစရိတ်အများဆုံးသုံးတဲ့နိုင်ငံလို့ ဆိုပါတယ်။

 

အမေရိကန်နောက်မှာ ရုရှားက ဒုတိယလိုက်ပြီး တရုတ်နိုင်ငံက တတိယလိုက်ပါတယ်။

 

အိန္ဒိယနိုင်ငံက တောင်ကိုရီးယားနဲ့ ဗြိတိန်ကိုကျော်တက်သွားပြီး စစ်အင်အားကောင်းတဲ့ စတုတ္ထနေရာကို ရယူ လိုက်ပါတယ်။

 

“အိန္ဒိယတွင်ပြုလုပ်သည်” ဆိုတဲ့ စီမံချက်အသစ်အရ အိန္ဒိယအစိုးရဟာ စစ်လက်နက်ပစ္စည်းသစ်တွေထုတ်လုပ် ရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဆောင်ရွက်ခဲ့တဲ့အတွက် အခုလို ကမ္ဘာ့စစ်အင်အားအဆင့် တက်လာတာဟာ အံ့သြစရာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့လကပဲ ၎င်းတို့နိုင်ငံရဲ့တတိယမြောက် ဗီဆားခါဖထနမ်အဆင့် ကိုယ်ပျောက်ပဲ့ထိန်းဒုံး ကျည်တပ် ဖျက်သင်္ဘောကို တပ်တော်ဝင်ခဲ့ပြီး ရေတပ်အင်အားကို မြှင့်တင်ခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံမှာ လေယာဉ်တင်သင်္ဘော ၂ စီး၊ ဖရီးဂိတ်သင်္ဘော ၁၂ စီးနဲ့ ရေငုပ်သင်္ဘော ၁၈ စီးအပါအဝင် စစ် သင်္ဘောပေါင်း ၂၉၄ စီးရှိကြောင်း Global Firepower က ပြောပါတယ်။

 

ကမ္ဘာ့အဆင့် ၆ သာ ရရှိခဲ့တဲ့ ဗြိတိန်နိုင်ငံကတော့ လက်ရှိအချိန်မှာ တပ်သားသစ်စုဆောင်းရေးပြဿနာနဲ့ ရင် ဆိုင်နေရသလို ယူကရိန်းကိုပို့လိုက်တဲ့လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းရေးအတွက်လည်း အခက်အခဲ တွေရှိနေတယ်လို့ ဆိုပါတယ်။

 

နောက်ထပ် အဆင့်မြင့်တက်လာတဲ့ ငါးနိုင်ငံကတော့ တောင်ကိုရီးယား (အဆင့် ၅)၊ ဂျပန် (အဆင့် ၇)၊ တူရကီ (အဆင့် ၈)၊ အီရန် (အဆင့် ၁၄) နဲ့ အစ္စရေး (အဆင့် ၁၇) တို့ဖြစ်ကြောင်း Global Firepower က ပြောပါ တယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ လေတပ်ကို အဆင့်မြှင့်တင်ခဲ့ရာမှာ လေယာဉ်ပေါင်း ၁၅၇၆ စင်း ပိုင်ဆိုင်လာခဲ့ပြီး ရေတပ်မှာ စစ်သင်္ဘော အစင်း ၂၀၀ ဝန်းကျင်ရှိလာတဲ့အတွက် အခုလို ကမ္ဘာ့အဆင့် ၅ တပ်မတော်ကို ပိုင်ဆိုင် လာတာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: US Military Most Powerful in 2024, India Beats UK: Global Ranking

 

#PeopleMedia


Share this post