အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ရုရှားပြော
PUBLISHED - December 13, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃
ရုရှားနိုင်ငံ ရော့စ်တော့ဗ်ဒေသက စစ်သုံးလေယာဉ်ကွင်းတစ်ခုကို အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ ဒုံးကျည်တွေ နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယူကရိန်းကို ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းက အမေရိကန်ထောက်ပံ့ထားတဲ့ ATACMS ဒုံးကျည်တွေအသုံးပြုပြီး ရုရှားကို တိုက်ခိုက်နေတာတွေ မရပ်တန့်ဘူးဆိုရင် ကိယက်ဗ်မြို့လယ်ကောင်ကို ဟိုက်ပါဆောနစ်ဒုံးကျည်နဲ့ ပစ်ခတ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အစောပိုင်းက ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ရုရှားနိုင်ငံဟာ မကြာခင်အချိန်အတွင်း နောက်ထပ်အော့ရှ်နစ်ဒုံးကျည်သစ်တွေနဲ့ ယူကရိန်းကို ပစ်မှတ်ထား တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ယူကရိန်းက ညဘက်မှာတိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အရင် ယူကရိန်းတပ်တွေ သိမ်းပိုက်ထားတဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသထဲက နယ်မြေကိုရုရှားတပ်တွေ ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
ယူကရိန်းအစိုးရရဲ့ အဖျက်လုပ်ငန်းဆောင်ရွက်မှုဟာ ငြိမ်းချမ်းရေးသဘောတူညီချက် ထွက်ပေါ်မလာအောင် လုပ်နေတာ ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်ကို ပူတင်က ပြောပါတယ်။
စစ်ပွဲကာလသုံးနှစ်အတွင်း တင်းမာမှုတွေမြင့်တက်နေချိန်မှာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံ ဒီနီပရိုမြို့ကို နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်တဲ့ အော့ရှ်နစ်ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ယူကရိန်းနိုင်ငံက စိုးရိမ်ပူပန်နေပါတယ်။
အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့ ဗြိတိန်ထုတ် Storm Shadow တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုပြီး ရုရှားနိုင်ငံပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းကို လက်တုံ့ ပြန်တိုက်ခိုက်ဖို့ ပူတင်က ပြောကြားထားပါတယ်။
ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံ တာဂန်းရော့ဂျ်ဆိပ်ကမ်းမြို့က စစ်ဘက်ဆိုင်ရာလေယာဉ်ကွင်းတစ်ခုကို ATACMS ဒုံးကျည် ၆ စင်းနဲ့ ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
“ATACMS ဒုံးကျည် ၂ စင်းကို ပန်ဆီယာလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တပ်ဖွဲ့က ပစ်ချနိုင်ခဲ့ပြီး ကျန်တဲ့ဒုံးကျည် တွေကိုလည်း လမ်းကြောင်းလွဲချော်သွာေးအာင် အီလက်ထရောနစ် စစ်ဆင်ရေးနည်းလမ်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းဒုံးကျည်ပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးမှုမရှိဘဲ ဒုံးကျည်အပျက်အစီးတွေကြောင့် အနီးဝန်းကျင်မှာ ရှိတဲ့ စစ်သုံးယာဉ်တချို့နဲ့ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
“အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့လက်နက်တွေနဲ့ အခုလို တိုက်ခိုက်တာကို ပြန်လည်မတုံ့ပြန်ဘဲနေမှာ မဟုတ်ပါဘူး။ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ တုံ့ပြန်သွားမှာပါ။” လို့ ဝန်ကြီးဌာနက ပြောပါတယ်။
Ref: Russia Vows Retaliation After Ukrainian ATACMS Strike
#PeopleMedia