အမေရိကန်ထုတ် CH-47 ချင်းနွတ်ရဟတ်ယာဉ်ခိုးယူပြီး ဘက်ပြောင်းလာရင် ဒေါ်လာ ၁၅ သန်းပေးမယ်လို့ ထိုင်ဝမ်ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို တရုတ်ထောက်လှမ်းရေးတွေ ကမ်းလှမ်းခဲ့
PUBLISHED - December 14, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်မှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ထိုင်ဝမ်စစ်တပ်က အရာရှိတစ်ဦးကို အမေရိကန်ထုတ်ရဟတ်ယာဉ်တစ်စင်း ယူဆောင်ပြီး ဘက်ပြောင်းခိုလှုံလာမယ်ဆိုရင် ငွေကြေးအမြောက်အမြား ပေးမယ်လို့ ကမ်းလှမ်းခံထားရကြောင်း ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ထိုင်ဝမ်ကြည်းတပ်ရဲ့ လေကြောင်းနဲ့ အထူးတပ်ဖွ့ဲဌာနချုပ်က ရှိတ်အမည်ရ ဒုတိယဗိုလ်မှူးကြီးတစ်ဦးဖြစ်သူကို အမေရိကန်ထုတ် CH-47 ချင်းနွတ်ရဟတ်ယာဉ်ခိုးယူလာခဲ့မယ်ဆိုရင် ထိုင်ဝမ်ဒေါ်လာ သန်း ၄၈၀ (ဒေါ်လာ ၁၅ သန်း) ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
ဒုတိယဗိုလ်မှူးကြီးရှိတ်ကို ကမ်းခြေကနေ ရေမိုင် ၂၄ မိုင် (၂၇ မိုင်) ခရီးကို ထိုင်ဝမ်ရေလက်ကြားကို ရှောင်ရှား ပျံသန်းလာပြီး အဲဒီနယ်မြေမှာ စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့ တရုတ်လေယာဉ်တင်သင်္ဘောပေါ်ကိုဆင်းသက် လာဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ဟာ ထိုင်ဝမ်စစ်တပ်နဲ့ အလှမ်းဝေးတဲ့ မြောက်ပိုင်းမှာ စစ် ရေးလေ့ကျင့်မှုလုပ်နေမှာဖြစ်ကြောင်း ၎င်းကို အသိပေးခဲ့တယ်လို့ဆိုပါတယ်။
အလွန်အန္တရာယ်များလှတဲ့ တိုင်းပြည်သစ္စာဖောက်တဲ့အလုပ်ကို ငြင်းပယ်ခဲ့တယ်လို့ ဒုတိယဗိုလ်မှူးကြီးရှိတ်က ကနဦးကပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ နောက်ပိုင်းမှာ ၎င်းအနေနဲ့ စိတ်ပြောင်းသွားတယ်လို့ ဆိုပါတယ်။
တကယ်လို့ အဲဒီအကြံအစည်အောင်မြင်သွားခဲ့ရင် ထိုင်ဝမ်တပ်မတော်တိုက်စွမ်းရည်ကို အကြီးအကျယ်ထိ ခိုက်စေမှာဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးသုတေသန အင်စတီကျုက ဆုဇူးယန်က ပြော ပါတယ်။
အဲဒီအကြံအစည်အတိုင်းသာဖြစ်ခဲ့ရင် ထိုင်ဝမ်တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်သလို ထိုင် ဝမ်နဲ့ ၎င်းတို့ရဲ့ အရေးအကြီးဆုံးမဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံကြားက ယုံကြည်မှုကိုလည်း ထိခိုက်လျော့ ပါးစေမှာဖြစ်ပါတယ်။
အဲဒီအကြံအစည်ဟာ ထိုင်ဝမ်တပ်မတော်အတွက် အလွန်ကြီးမားစွာ ထိခိုက်စေမှာဖြစ်တယ်လို့ အမျိုးသားကာ ကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ချူးကူချန်းကလည်း ဝန်ခံပြောကြားခဲ့ပါတယ်။
အနာဂတ်မှာ တရုတ်နိုင်ငံရဲ့သူလျှိုလုပ်ငန်းကြိုးပမ်းမှုတွေကြောင့် ထိခိုက်နစ်နာမှုတွေကို လျှော့ချဖို့အတွက် အချိန်ကိုက်စုံစမ်းစစ်ဆေးမှုအပါအဝင် ထိုင်ဝမ်တပ်မတော်အနေနဲ့ လိုအပ်တဲ့တုံ့ပြန်မှုတွေကို မြှင့်တင်ဆောင် ရွက်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
ဘက်ပြောင်းခိုလှုံဖို့ကြံစည်မှုတွေ နောက်ထပ်ထပ်မံမဖြစ်ပွားလာအောင် တပ်မဖွဲ့အသီးသီးမှာ တန်ပြန်ထောက် လှမ်းရေးလေ့ကျင့်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
အခုအကြံအစည်သာအောင်မြင်ခဲ့ရင် ယူကရိန်းဘက်ကို ဘက်ပြောင်းလာတဲ့ ရုရှားလေသူရဲတစ်ဦးရဲ့ဖြစ်ရပ်နဲ့ အလားတူဖြစ်သွားမယ်လို့ ဆိုပါတယ်။
အသက် ၂၈ နှစ်အရွယ် ရုရှားလေသူရဲတစ်ဦးဟာ ရုရှားတိုက်လေယာဉ်တွေက အပိုပစ္စည်းတွေကိုယူဆောင်ပြီး ရုရှားစစ်တပ်က Mi-8 ရဟတ်ယာဉ်တစ်စင်းနဲ့အတူ ယူကရိန်းဘက်ကို စက်တင်ဘာလအတွင်းက ဘက်ပြောင်း ခိုလှုံခဲ့ပါတယ်။
အဲဒီလို ရုရှားနိုင်ငံကို သစ္စာဖောက်ပြီး ယူကရိန်းဘက် ဘက်ပြောင်းခိုလှုံခဲ့တဲ့အတွက် အဲဒီလေသူရဲဟာ ဒေါ်လာ ၅ သိန်းချီးမြှင့်ခံရပြီး ယူကရိန်းနိုင်ငံထဲမှာ နေထိုင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
Ref: Taiwan Colonel Offered $15M by China to Steal US-Made Chinook: Report
#PeopleMedia