အမေရိကန်ထုတ် M4A1 မောင်းပြန်ရိုင်ဖယ်တွေ ဆွီဒင်ဝယ်ယူ
PUBLISHED - December 13, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃
ဆွီဒင်တပ်မတော်တိုးချဲ့ရေးနဲ့ အဆင်မြှင့်တင်ရေးအတွက် ဆွီဒင်အစိုးရက အမေရိကန်နိုင်ငံက မောင်းပြိုင်ရိုင်ဖယ် ၁၅,၀၀၀ ဝယ်ယူလိုက်ပါတယ်။
ဆွီဒင်တပ်မတော်မှာအသုံးပြုနေတဲ့ ဒေသတွင်း FFV Ordnance ကုမ္ပဏီထုတ် သက်တမ်းရင့် Ak 5 မောင်းပြန်ရိုင်ဖယ်တွေကို အစားထိုးဖို့အတွက် Colt M4A1 မောင်းပြန်ရိုင်ဖယ်အလက် ၁၅၀၀၀ ကို ဆွီဒင်တပ်မတော်အတွက် ပေးပို့သွား မှာဖြစ်ပါတယ်။
Colt M4A1 မောင်းပြန်ရိုင်ဖယ်အသစ်တွေကို လာမယ့်နှစ်အစောပိုင်း လတ်ဗီးယားမှာကျင်းပမယ့် နေတိုးအဖွဲ့စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်မယ့် ဆွီဒင်စစ်သည်တွေကို တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“၂၀၃၀ ပြည့်နှစ်မတိုင်ခင် တပ်မတော်အင်အား နှစ်ဆတိုးမြှင့်ဖို့ မျှော်လင့်ထားပါတယ်။ လက်နက်အင်အား လည်း နှစ်ဆ တိုးပြီး လိုအပ်လာမှာဖြစ်ပါတယ်။” လို့ ဆွီဒင်အစိုးရလက်နက်ဝယ်ယူရေးအဖွဲ့အကြီးအကဲ ဂျိုနက်လော့စ်နီက ပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေတဲ့ကြားမှာ အခုလို အမေရိကန်ထုတ် မောင်းပြန်ရိုင်ဖယ်တွေ ဝယ်ယူလိုက်တာဟာ ဆွီဒင်တပ်မတော်ရဲ့ စစ်ဆင်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးသွားမယ်လို့ မျှော်လင့်ထားပါတယ်။
ပြောင်းအရှည် ၁၄.၅ လက်မ (၃၆.၈ စင်တီမီတာ) ရှိ M4A1 မောင်းပြန်ရိုင်ဖယ်ဟာ အလေးချိန် ၇.၆၂ ပေါင် (၃.၄ ကီလိုဂရမ်) ရှိတဲ့အတွက် ဗုံးပစ်လောင်ချာ၊ လေဆာပစ်မှတ်ရှာကိရိယာနဲ့ ညကြည့်လို တွဲဖက်ကိရိယာ တွေ တပ်ဆင်နိုင်ပါတယ်။
M4A1 မောင်းပြန်ရိုင်ဖယ်ရဲ့ ကျည်အိမ်ဟာ ကျည် ၃၀ ဆံ့ပြီး တစ်မိနစ်ကို ကျည်အတောင့်ရေ ၉၅၀ အထိ ပစ်ခတ် နိုင်တယ်လို့ ဆိုပါတယ်။
Ak 5 မောင်းပြန်ရိုင်ဖယ်ဟာ မီတာ ၄၀၀ ပစ်ခတ်နိုင်ပြီး M4A1 မောင်းပြန်ရိုင်ဖယ်ဟာ မီတာ ၅၀၀ အထိ ထိရောက်စွာ ပစ်ခတ်နိုင်တဲ့အတွက် M4A1 ဟာ Ak 5 ထက် အကွာအဝေး ပိုမိုသာလွန်ပစ်ခတ်နိုင်ပါတယ်။
ဆွီဒင်တပ်မတော်ဟာ M4A1 မောင်းပြန်ရိုင်ဖယ်တွေအပြင် AK24 မောင်းပြန်ရိုင်ဖယ်အလက် ၂၂,၅၀၀ ကိုလည်း ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။
Ref: Sweden Approves Major Procurement of Automatic Rifles From US
#PeopleMedia