အမေရိကန်ထောက်ပံ့ထားတဲ့ တင့်ကားတွေ ရုရှားဒရုန်းတွေရဲ့ ပစ်မှတ်ဖြစ်နေကြောင်း ယူကရိန်းစစ်သည်တွေ ပြော

PUBLISHED - May 30, 2024
နိုင်ငံတကာ၊ မေ ၃၀
အမေရိကန်က ယူကရိန်းကို ထောက်ပံ့ထားတဲ့ M1 Abram ပင်မတိုက်ပွဲဝင်တင့်ကားတွေမှာ အားနည်းချက် တွေ၊ အပြစ်အနာအဆာတွေ အများအပြားတွေ့ရှိရကြောင်း အဲဒီတင့်ကားတွေနဲ့ တိုက်ပွဲဝင်နေတဲ့ ယူကရိန်းစစ် သည်တွေက CNN ကို ပြောကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း တောအုပ်တစ်ခုထဲမှာ သစ်ရွက်တွေနဲ့ ဖုံးကွယ်ထားတဲ့ M1 Abram တင့်ကား ၆ စီးကို ပထမဦးဆုံးအကြိမ်အဖြစ် CNN သတင်းထောက်တွေ တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။
အီရတ်စစ်ပွဲမှာ ဆက်ဒမ်ဟူစိန် တပ်တွေနဲ့ သောင်းကျန်းသူတွေကို တိုက်ခိုက်ရာမှာအသုံးပြုခဲ့တဲ့ အမေရိကန် တပ်မတော်ရဲ့ ဒေါ်လာ ၁၀ တန်းတန်တဲ့ ပင်မတိုက်ပွဲဝင်တင့်ကားဟာ ခေတ်မီလက်နက်တွေကို ကာကွယ်နိုင် စွမ်းမရှိကြောင်း ဂျာမနီမှာသင်တန်းတက်ခဲ့တဲ့ ယူကရိန်းစစ်သည်တွေက ပြောပါတယ်။
“အဲဒီတင့်ကားက သံချပ်ကာဟာ လက်ရှိတိုက်ပွဲတွေအတွက် စွမ်းရည်မပြည့်ဝတော့ဘူး။ တင့်စစ်သည်တွေကို အကာအကွယ်မပေးနိုင်ဘူူး။ တကယ်တော့ ဒီကနေ့ခေတ်က ဒရုန်းစစ်ပွဲခေတ်ဖြစ်နေပြီ။ ဒါ့ကြောင့် တင့်ကား ထွက်လာတာနဲ့ ရန်သူက အဲဒီတင့်ကားကို တိုက်ခိုက်ဖို့ ကြိုးစားတော့တာပါပဲ။” လို့ ဂျိုကာလို့ အမည်ပေးထား တဲ့ ယူကရိန်းစစ်သည်တစ်ဦးက ပြောပါတယ်။
“အဲဒီတင့်ကားတွေက နံပတ်တစ်ပစ်မှတ်တွေဖြစ်နေတယ်။ အကာအကွယ်မရှိဘဲနဲ့ တင့်စစ်သည်တွေဟာ စစ် မြေပြင်မှာ အသက်ရှင်ကျန်ရစ်မှာ မဟုတ်ပါဘူး။” လို့ ဒီနီပရိုအမည်ရှိ တခြားစစ်သည်တစ်ဦးကပြောပါတယ်။
အမေရိကန်ထောက်ပံ့ထားတဲ့ Abram တင့်ကား ၃၁ စီးလုံးကို ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ရှေ့တန်းမှာ တပ် ဖြန့်ချထားကြောင်း အမှတ် ၄၇ တင့်/သံချပ်ကာတပ်ရင်းက အရာရှိတွေက ပြောပါတယ်။
အမေရိကန် Abram တင့်ကားတွေဟာ ထောက်ပံ့ရေးကွင်းဆက် အလွန်ရှုပ်ထွေးပြီး တချို့တင့်ကားတွေဆိုရင် ဂျက်လေယာဉ်ဆီကို အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
တချို့တင့်ကားတွေကို တပ်ဖြန့်ချထားဆဲဖြစ်ကြောင်း အမှတ် ၄၇ တင့်/သံချပ်ကာတပ်ရင်းကပြောပေမဲ့ ရုရှား တွေရဲ့ တိုက်ခိုက်ရေးဒရုန်းရန်ကြောင့် Abram တင့်ကားတွေကို ရှေ့တန်းကနေ ပြန်လည်ရုပ်သိမ်းလာကြောင်း ပင်တဂွန်စစ်ဌာနချုပ်အရာရှိတွေက ဧပြီလက ပြောပါတယ်။
ယူကရိန်းစစ်မြေပြင် အများစုမှာ ခြေလျင်တပ်တွေကိုသာမက တင့်ကားတွေကိုပါ ထိထိရောက်ရောက် ဖျက်ဆီး နိုင်စွမ်းရှိတဲ့ အသေခံဒရုန်းတွေ၊ အငယ်စားဒရုန်းတွေနဲ့ ထိရောက်မှု တိကျပြင်းထန်တဲ့လက်နက်တွေကိုပါ လက် ရှိအချိန်မှာ အသုံးပြုနေပါတယ်။
လေယာဉ်မှူးထိုင်ခုံကနေ တိုက်ရိုက်မြင်နေရသလို မြင်ရတဲ့ FPV ဒရုန်းတွေဟာ စစ်ပွဲရဲ့သဘောသဘာဝတွေကို ပြောင်းလဲပစ်လိုက်ပြီဖြစ်ပြီး တင့်ကားတွေ/ သံချပ်ကာယာဉ်တွေရဲ့ ရွေ့လျားနိုင်မှုနဲ့ ခံနိုင်ရည်ကို ကန့်သတ် လိုက်ပြီဖြစ်ပါတယ်။
ယူကရိန်းစစ်မြေပြင်က တခြားနေရာတွေမှာလိုပဲ ခဲယမ်းကလည်း ပြဿနာတစ်ခုဖြစ်ကြောင်း၊ တိုက်ပွဲဝင်နေရ တဲ့စစ်မြေပြင်နဲ့ လိုက်ဖက်မှုမရှိတဲ့ လက်နက်ကို ရရှိထားသလိုဖြစ်နေကြောင်း ယူကရိန်းစစ်သည်တွေက ပြော ပါတယ်။
“ကျွန်တော်တို့ရထားတဲ့လက်နက်က တင့်ကားအချင်းချင်း စီးချင်းထိုးတိုက်ခိုက်ရတဲ့လက်နက်မျိုးကိုရထားတာ ပါ။ ဒီစစ်ပွဲမှာ ဒါမျိုးတိုက်ပွဲက တွေ့ရခဲပါတယ်။ အများစုက ကျွန်တော်တို့က ဒီတင့်ကားကို အမြောက်ပစ်သလို အသုံးပြုနေရတာပဲဖြစ်တယ်။ တစ်ခါကဆိုရင် အဆောက်အဦတစ်ခုကို ကျွန်တော်တို့ တင့်အမြောက်နဲ့ ၁၇ ချက် ပစ်တယ်။ အဲဒီအဆောက်အဦက အကောင်းအတိုင်းရှိနေဆဲပဲ။” လို့ ဂျိုကာက ပြောပါတယ်။
ဒီတင့်ကားရဲ့ အရည်အသွေးညံ့ဖျင်းမှုကို ရုရှားဆန်းစစ်လေ့လာသူတွေက ပြက်ရယ်ပြုပြီး “ဘာမှမရှိတဲ့ စည် သွပ်ဘူး” လို့ အမည်ပေးခဲ့ပါတယ်။
စစ်မြေပြင်မှာ ရုရှားတပ်တွေ သိမ်းဆည်းရမိသွားတဲ့ တင့်ကားတစ်စီးကို ဖျက်ဆီးပြီး ရင်ပြင်နီမှာ လှည့်လည် ပြသခဲ့တယ်လို့ ဆိုပါတယ်။
ဒီတင့်ကားတွေဟာ စစ်မြေပြင်ကို တင့်ကားတွေနဲ့ ခြေလျင်တပ်တွေ မရောက်ခင် လေကြောင်းနဲ့ အမြောက်က နေ စိစိညက်ညက်ကြေအောင် ချေမှုန်းတိုက်ခိုက်ပြီးမှ အသုံးပြုလေ့ရှိတဲ့ နေတိုးပုံစံစစ်ဆင်ရေးတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပြီး ယူကရိန်းနိုင်ငံဟာ ကြိုတင်လက်ဦးမှုရယူတိုက်ခိုက်နိုင်တဲ့ လေကြောင်းနဲ့ အမြောက် စွမ်းရည်မရှိကြောင်း ယူကရိန်းစစ်သည်တွေက ပြောပါတယ်။
Ref: Soldiers in Ukraine say US-supplied tanks have made them targets for Russian strikes: CNN
#PeopleMedia