အမေရိကန်ထံက တိုက်ခိုက်ရေးဒရုန်းအစင်း ၁၀၀၀ ဝယ်ယူဖို့ ထိုင်ဝမ် လက်မှတ်ရေးထိုး
PUBLISHED - November 2, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၂
ထိုင်ဝမ်နိုင်ငံဟာ တိုက်ခိုက်ရေးဒရုန်းအစင်း ၁၀၀၀ ဝယ်ယူဖို့အတွက် အမေရိကန်အစိုးရနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
ကမ်းလှမ်းချက်နဲ့ သဘောတူညီချက်ပါဝင်တဲ့ အဲဒီစာချုပ်ကို အခုနှစ် စက်တင်ဘာလ လလယ်ပိုင်းလောက်မှာ မကြေညာဘဲ လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီး Bloomberg မီဒီယာက ရေးသားထားပါတယ်။
ဒရုန်းအရေအတွက်၊ ကျသင့်ငွေနဲ့ ပို့ဆောင်ပေးမယ့်ရက်စွဲတွေပါဝင်မယ့် နောက်ဆက်တွဲကန်ထရိုက်စာချုပ်တွေ ကို မကြာခင် လက်မှတ်ရေးထိုးသွားနိုင်ကြောင်း Bloomberg က ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံအတွက် ဒေါ်လာ သန်း ၃၆၀ တန်ကြေးရှိ ALTIUS 600M-V ဒရုန်း ၂၉၁ စင်းနဲ့ Switchblade 300 ဒရုန်း အစင်း ၇၂၀ ရောင်းချပေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လအတွင်းက သဘောတူခွင့်ပြုခဲ့ ပါတယ်။
ALTIUS 600M-V ဒရုန်းအတွက်ကျသင့်ငွေ ဒေါ်လာ သန်း ၃၀၀ ဝန်းကျင်ဖြစ်ပြီး Switchblade 300 ဒရုန်းအ တွက် ကျသင့်ငွေက ဒေါ်လာ ၆၀.၂ သန်းဖြစ်ကြောင်း ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ DSCA က ပြောပါတယ်။
ထိုင်ဝမ်နဲ့ အမေရိကန်ဟာ ယူကရိန်းစစ်ပွဲက အရေးကြီးတဲ့သင်ခန်းစာတွေယူပြီး အခုဒရုန်းရောင်းဝယ်ရေးကိစ္စ ပေါ်ထွက်လာခဲ့တာဖြစ်ကြောင်း ဒီမိုကရေစီကာကွယ်ရေးဖောင်ဒေးရှင်းအဖွဲ့ရဲ့ ဒါရိုက်တာ ရေတပ်ဗိုလ်ချုပ်ကြီး ဟောင်း မာ့ခ်မောင့်ဂိုမာရီစကားကို ကိုးကားပြီး Bloomberg မီဒီယာက ဖော်ပြထားပါတယ်။
အငြိမ်းစားရေတပ်ဗိုလ်ချုပ်ကြီးမောင့်ဂိုမာရီဟာ ထိုင်ဝမ်နိုင်ငံရဲ့ ကာကွယ်ရေးလိုအပ်ချက်တွေကို လေ့လာအကဲ ဖြတ်ဖို့အတွက် ထိုင်ဝမ်ကို သွားရောက်ခဲ့ဖူးကြောင်း Bloomberg မီဒီယာက ပြောပါတယ်။
ဒရုန်းတွေဟာ သမရိုးကျဒုံးကျည်တွေ၊ ဂျက်တိုက်လေယာဉ်တွေလို လူမောင်းနှင်လိုက်ပါတဲ့ လေယာဉ်တွေနဲ့ နှိုင်းယှဉ်ရင် ကုန်ကျစရိတ် နည်းနည်းနဲ့ ရန်သူ့တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
အခု ALTIUS 600M-V ဒရုန်းနဲ့ Switchblade 300 ဒရုန်းတွေကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုခဲ့ပြီးဖြစ်ပြီး ဒရုန်း နှစ်မျိုးစလုံးဟာ ထိုင်ဝမ်ရေလက်ကြားမှာ ဖြစ်ပေါ်လာနိုင်တဲ့ အနာဂတ်စစ်ပွဲမှာ တရုတ်စစ်တပ်ကို တိုက်ခိုက်ဖို့ အတွက် အရန်ထိုးစစ်လက်နက်တစ်ခုအဖြစ် ထောက်ပံ့သွားနိုင်တယ်လို့ဆိုပါတယ်။
ALTIUS 600M-V ဒရုန်းဟာ ကင်မရာအမျိုးမျိုးနဲ့ ထိပ်ဖူးအမျိုးမျိုး ပြောင်းလဲတပ်ဆင်နိုင်အောင် ထုတ်လုပ်ထား သလို တစ်ဆက်တည်းပံျသန်းနိုင်တဲ့နာရီကိုလည်း လေးနာရီအထိ တိုးချဲ့ထားတယ်လို့ဆိုပါတယ်။
Switchblade 300 ဒရုန်းကတော့ အီလက်ထရောနစ်ကင်မရာနဲ့ အနီအောက်ရောင်ခြည်ရှာဖွေရေးကိရိယာတွေ တပ်ဆင်ထားပြီး ပစ်မှတ်ကို တိကျစွာ ပစ်ခတ်ချေမှုန်းနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်လက်နက်ဖြစ်ပါတယ်။
Switchblade 300 ဒရုန်းပျံသန်းနိုင်တဲ့အချိန်ကတော့ ၁၅ မိနစ်ဖြစ်ပြီး မြေပြင်၊ ရေပြင်၊ ရွေ့လျားယာဉ်အမျိုးမျိုး ပေါ်က ဒုံးပစ်ပြွန်တွေမှာ ၂ မိနစ်အတွင်း တပ်ဆင်အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။
Ref: Taiwan Moves to Buy 1,000 Attack Drones From US
#PeopleMedia