အမေရိကန်ဒရုန်းတိုက်ခိုက်မှုကြောင့် အီရန်လိုလားတဲ့ ဟာရှီအယ်လ်ရှာဘီအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦး သေဆုံး
PUBLISHED - January 5, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၅
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့က အီရန်လိုလားတဲ့ အီရတ်က လက်နက်ကိုင်တပ်ဖွဲ့စခန်းတစ်ခုကို ကြာသပတေးနေ့ (ဇန်နဝါရီလ ၄ ရက်နေ့) က အမေရိကန်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ဟာရှီအယ်လ်ရှာဘီအဖွဲ့ရဲ့ စစ်ရေးခေါင်း ဆောင်တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
“အီရတ်လက်နက်ကိုင်တပ်ဖွဲ့ထဲ ပေါင်းထည့်ထားတဲ့ အီရန်လိုလားတဲ့ ပြည်သူ့စစ်အဖွဲ့ဟောင်းဖြစ်တဲ့ ဟာရှီ အယ်လ်ရှာဘီအဖွဲ့ရဲ့ လော်ဂျစ်စတစ်ဌာနချုပ်ကို ဒရုန်းတစ်စင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။” လို့ အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
အဲဒီဒရုန်းတိုက်ခိုက်မှုကြောင့် ဟာရှီအယ်လ်ရှာဘီအဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သလို ၇ ဦး ဒဏ်ရာရခဲ့ကြောင်း အ မည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
သေဆုံးသူအရေအတွက်ကို အတည်ပြုပြောဆိုခဲ့သလို တိုက်ခိုက်မှုနောက်ကွယ်မှာ အမေရိကန်ပြည်ထောင်စု ရှိနေကြောင်း အမည်မဖော်လိုတဲ့ ဟာရှီအယ်လ်ရှာဘီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဘဂ္ဂဒက်စစ်ဆင်ရေးဌာနရဲ့ ဒုတိယအကြီးအကဲ မက်ရှ်တက်တလစ်အယ်လ်ဆိုင်ဒီဟာ အမေရိကန်တိုက်ခိုက်မှု ကြောင့် သူရဲကောင်းပီသစွာကျဆုံးသွားပြီဖြစ်ပါတယ်။” လို့ ဟာရှီအယ်လ်ရှာဘီအဖွဲ့ခွဲတစ်ခုဖြစ်တဲ့ ဟာရာကက် အယ်လ်နူဂျာဘာအဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။
အမေရိကန်ရဲ့မဟာမိတ် အစ္စရေးနဲ့ ဟားမတ်စစ်တို့စစ်ပွဲဖြစ်ပွားပြီး တင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာ အခု တိုက်ခိုက်မှုဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရတ်မှာတပ်ဖြန့်ချထားတဲ့ အမေရိကန်တပ်ဖွဲ့တွေဆီက တုံ့ပြန်ပြောကြားခြင်းမရှိပါ ဘူး။
အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ကတည်းက အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို ဒေသ တွင်းအကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်တာ အကြိမ် ၁၀၀ ကျော်နေပြီဖြစ်ကြောင်း အမေရိကန် အစိုးရက ကြေညာထားပါတယ်။
ဒေသတွင်းမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ အီရတ် နိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၂၅၀၀ ဝန်းကျင်နဲ့ ဆီးရီးယားနိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၉၀၀ ဝန်းကျင် တပ်ဖြန့်ချ ထားပါတယ်။
Ref: Iraq’s Pro-Iran Hashed Force Says ‘US Strike’ Kills Senior Commander
#PeopleMedia