အမေရိကန်ဒုသမ္မတ ဟားရစ်မိန့်ခွန်းပြောနေစဉ် မြန်မာထိုင်ခုံ ကိုယ်စားလှယ်မရှိဘဲလစ်လပ်နေ

PUBLISHED - September 7, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၇
မကြာခင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ်ကနေ အနားယူတော့မယ့် အင်ဒိုနီးရှားအစိုးက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ အစည်းအဝေးမှာ အမေရိကန်ဒုတိယသမ္မတကမ်မလာဟားရစ်က အာဆီယံခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားနေစဉ် မြန်မာအလံနဲ့ ထိုင်ခုံတစ်လုံးကတော့ တက်ရောက်သူ ကိုယ်စားလှယ် ကင်းမဲ့စွာ လစ်လပ်လျက်ရှိပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့၊ မတရားဖမ်းဆီးချုပ်နှောင် ထားတဲ့သူတွေအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်လျှောက်လမ်းဖို့အတွက် မြန်မာအစိုးရကို ဆက်လက်ဖိအားပေးသွားမှာဖြစ်ပါတယ်။” လို့ ဟားရစ်က ဗုဒ္ဓဟူးနေ့က အာဆီယံအစည်းအ ဝေး မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။
“ပြီးတော့ သဘောတူညီချက် ငါးချက်ပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက်ကို ကျွန်မတို့ ဆက်လက်ထောက် ခံသွားမှာဖြစ်ပါတယ်။” လို့ မြန်မာနိုင်ငံထဲမှာအကြမ်းဖက်မှုတွေရပ်ဆိုင်းပြီး အပြုသဘောဆောင်တဲ့ဆွေးနွေးမှု တွေပြုလုပ်ဖို့ အာဆီယံအဖွဲ့ကတောင်းဆိုထားတဲ့ ဘုံသဘောတူညီချက်ကိုရည်ညွှန်းပြီး ဟားရစ်က ပြောပါ တယ်။
မြန်မာနိုင်ငံတွင်း တိုးတက်မှုတွေမရှိသေးဘဲနဲ့ မြန်မာအစိုးရခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေးတွေ တက်ရောက်ခွင့်မပြုဖို့ အာဆီယံနိုင်ငံတွေက ပြီးခဲ့တဲ့နှစ်က သဘောတူညီခဲ့ပါတယ်။
အခုအစည်းအဝေးမှာ ကိုယ်စားလှယ်မရှိဘဲလွတ်နေတဲ့ထိုင်ခုံက မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်သွားဖို့ တိုက်တွန်းထားတဲ့ သင်္ကေတတစ်ခုပဲဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက် ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ဖို့ ခွင့်မပြုကြောင်း အာဆီယံနိုင်ငံတွေက အခုသီတင်းပတ်အစော ပိုင်းက ကြေညာခဲ့ပါတယ်။
၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံအစား အာဆီယံအလှည်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ရင် လူတချို့ထင်ထားတာထက် အာဆီယံ အဖွဲ့က ပိုမိုညီညွတ်ကြောင်း ပြသလိုက်တာဖြစ်တယ်လို့ မဟာဗျူဟာလေ့လာရေးနိုင်ငံတကာအင်စတီကျူက သုတေသီအဖွဲ့ဝင် အေရွန်ကော်နယ်လီက ပြောပါတယ်။
“အာဆီယံအဖွဲ့ကြီးဟာ အကြမ်းဖက်မှုတွေအတွက် မြန်မာ နစက အစိုးရကို ပြစ်တင်ရှုတ်ချတယ်။ နစက ခေါင်း ဆောင်တွေကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့်တွေပိတ်ပင်ထားတယ်။ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှု တွေမရပ်မချင်း အာဆီယံဥက္ကဋ္ဌတာဝန်မထမ်းဆောင်ဖို့ မြန်မာအစိုးရကို ဖိအားပေးထားတယ်။” လို့ ၎င်းက VOA ကို ပြောပါတယ်။
တရုတ်နိုင်ငံက ၂၀၂၃ ခုနှစ် ပိုင်နက်ရေပုံကိုထုတ်ပြန်ခဲ့တဲ့အတွက် အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ ဒေါသထွက်နေပြီး ဒေသတွင်းတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ကမ်မလာဟားရစ်က အခုလို အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တာဖြစ်ပါတယ်။
ကြာသပတေးနေ့မှာတော့ ဟားရစ်ဟာ အာဆီယံအဖွဲ့၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ သြစတေးလျ၊ အိန္ဒိယ၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ပါဝင်တဲ့ အရှေ့အာရှအစည်းအဝေးကို တက်ရောက်မှာဖြစ်ပြီး အစည်းအဝေးပြီးတာနဲ့ ဟားရစ်ဟာ အမေရိကန်ကို သောကြာနေ့အရောက်ပြန်ရမှာဖြစ်ပါတယ်။
Ref: Myanmar’s Seat Empty as VP Harris Speaks to ASEAN Leaders
#PeopleMedia