အမေရိကန်ဒေါ်လာကို အစားထိုးဖို့ကြိုးစားရင် BRICS အဖွဲ့ဝင်နိုင်ငံတွေကို သွင်းကုန်အခွန် ၁၀၀% ကောက်ခံသွားမယ်လို့ ထရမ့်ခြိမ်းခြောက်
PUBLISHED - December 2, 2024
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂
BRICS အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံက အမေရိကန်ဒေါ်လာကို ဆန့်ကျင်ပြီး ငွေကြေးစနစ်တစ်ရပ်ထူထောင်မယ်ဆိုရင် အဲဒီ နိုင်ငံတွေကို သွင်းကုန်အခွန် ၁၀၀% ပြဋ္ဌာန်းကောက်ခံသွားမှာဖြစ်ကြောင်း အမေရိကန်ရွေးကောက်ပွဲနိုင် အကြိုသမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
“BRICS အဖွဲ့ဝင်နိုင်ငံတွေက ဒေါ်လာကို အစားထိုးဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အသင့်စောင့်ကြည့်နေ တာ ပြီး ဆုံးသွားပါပြီ။” လို့ ထရမ့်က နိုဝင်ဘာ ၃၀ ရက်နေ့က လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။
BRICS အဖွဲ့ဝင်နိုင်ငံတွေမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံ တရုတ်၊ ရုရှားနဲ့ ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိက၊ အီရန်၊ အီဂျစ်၊ အီသီယိုပီးယား၊ ယူအေအီး တို့ပါဝင်ပါတယ်။
“သွင်းကုန်အခွန်တွေ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း” ထရမ့်က ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးခဲ့ သလို မကြာသေးခင်ရက်တွေအတွင်းကလည်း ခြိမ်းခြောက်မှုတွေ အရှိန်မြှင့်ဆောင်ရွက်ခဲ့ ပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အာဏာလွှဲပြောင်းရယူမယ့် ထရမ့်ထံက နောက်ဆုံးသတင်းစကားကတော့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာတဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေကို ခြိမ်းခြောက်လိုက်တဲ့စကားပဲဖြစ်ပါတယ်။
နိုင်ငံတကာကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအပေါ် မှီခိုနေရတာကို လျှော့ချနိုင်ဖို့အတွက် BRICS အဖွဲ့ ငွေကြေး တစ်ရပ်ထူထောင်ဖို့ ဘရာဇီးနဲ့ ရုရှားက ဦးဆောင်နိုင်ငံရေးသမားတွေက အကြံပြုခဲ့ကြတာဖြစ်ပေမဲ့ အဖွဲ့ဝင်နိုင်ငံအားလုံး ရဲ့သဘောတူညီမှု မရရှိသေးဘူးလို့ ဆိုပါတယ်။
“BRICS အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ BRICS ငွေကြေးတစ်ရပ်မထူထောင်ပါဘူး ဒါမှမဟုတ် အမေရိကန်ဒေါ်လာကို အစား ထိုးမယ့် တခြားငွေကြေးတစ်ရပ်ရပ်ကို ထောက်ခံတာမျိုး မလုပ်ပါဘူးလို့ ကတိပေးဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အဲဒီနိုင်ငံတွေဟာ ၁၀၀% သွင်းကုန်အခွန်ကန့်သတ်ခံရတာကို ရင်ဆိုင်ရမှာဖြစ်သလို အင်မတန်ပျော်ရွှင်စရာကောင်းတဲ့ အမေရိကန်စီးပွားလောကထဲက ရောင်းဝယ်ဖောက်ကားမှုတွေကို လက်ပြနှုတ်ဆက်ထွက်ခွာသွားရမှာဖြစ်ပါတယ်။” လို့ ထရမ့်က ၎င်းရဲ့ Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“သူတို့တွေ နောက်ထပ်အချဉ်ဖမ်းရမယ့်လူကို လိုက်ရှာနိုင်ပါတယ်။” လို့ ထရမ့်က ပြောပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ လတ်တလောကာလကြေညာချက်တွေဟာ ကတိကဝတ်ထက် ကြိုးပမ်းအားထုတ်ဖို့လို့ ပိုမို အဓိပ္ပါယ်ရတဲ့ “စေ့စပ်ညှိနှိုင်းရေးနည်းဗျူဟာတွေ” ဖြစ်ကြောင်း ထရမ့်ကိုထောက်ခံသူ မဟာမိတ်တွေက ပြောပါတယ်။
သွင်းကုန်အခွန်ဆိုတာ နိုင်ငံထဲကိုဝင်လာတဲ့ ကုန်စည်တစ်ခုအပေါ် သွင်းကုန်တန်ဖိုးအချိုးကျ စည်းကြပ် ကောက်ခံတဲ့ ပြည်တွင်းအခွန်ဖြစ်ပါတယ်။
သွင်းကုန်အခွန် ၂၅% သတ်မှတ်မှာဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာမယ့် ဒေါ်လာ ၅၀,၀၀၀ တန် ကားတစ်စီးအတွက် ပေးဆောင်ရမယ့် သွင်းကုန်အခွန်ဟာ ဒေါ်လာ ၁၂,၅၀၀ ဖြစ်ပါတယ်။
Ref: Trump threatens 100% tariff on Brics nations if they try to replace dollar
#PeopleMedia