အမေရိကန်နိုင်ငံသားဖြစ်မယ့် လမ်းကြောင်းတစ်ခုအနေနဲ့ ဒေါ်လာ ၅ သန်းတန် “ရွှေကတ်” ဗီဇာအစီအစဉ်တစ်ခု ဖန်တီးဖို့ ထရမ့်ပြော

PUBLISHED - February 26, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အမေရိကန်နိုင်ငံသား ခံယူခွင့်ရဖို့အတွက် ဒေါ်လာ ၅ သန်း ပေးရမယ့် “ရွှေကတ်” ခေါ် ဗီဇာ အစီအစဉ်တစ်ခုကို အစားထိုးဆောင်ရွက်သွားဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၂၅ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။
ထရမ့်က ၎င်းအနေနဲ့ အမြဲတမ်းနေထိုင်ခွင့်ရရှိသူတစ်ယောက်ဖြစ်လာဖို့ အမေရိကန်မှာ အလုပ်အကိုင်တွေဖန်တီးပေးနိုင် တဲ့ ငွေကြေးအမြောက်အမြား ကြွယ်ဝတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေကို ခွင့်ပြုထားတဲ့ “EB-5” နိုင်ငံခြားသားရင်း နှီးမြှုပ်နှံသူ ဗီဇာအစီအစဉ်ကို “ရွှေကတ်” နဲ့ အစားထိုးသွားမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
EB-5 အစီအစဉ်က အမေရိကန်စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုထားတဲ့ နိုင်ငံခြားသားတွေကို “green cards” ထုတ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။
“ကျွန်တော်တို့ ရွှေကတ်တစ်မျိုးကို ရောင်းချတော့မှာဖြစ်ပါတယ်။ အဲဒီရွှေကတ်ကို ဒေါ်လာ ၅ သန်း ဝန်းကျင် ဈေးနှုန်း သတ်မှတ်သွားမှာဖြစ်ပါတယ်။” လို့ ထရမ့်က ပြောပါတယ်။ “အဲဒီရွှေကတ်ကနေ နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းတစ်ခုဖြစ်တဲ့ green card ကတ်ကိုပါ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
ချမ်းသာကြွယ်ဝတဲ့သူတွေဟာ အဲဒီ ရွှေကတ်ကိုဝယ်ယူပြီး ကျွန်တော်တို့နိုင်ငံထဲကို ဝင်လာဖို့ စီစဉ်သွားပါလိမ့်မယ်။ အစီ အစဉ်အသေးစိတ်ကတော့ နှစ်ပတ်အတွင်း ထွက်ပေါ်လာပါလိမ့်မယ်။” လို့ ၎င်းက ပြောပါတယ်။
ရုရှားခရိုနီတွေရော သတ်မှတ်ချက်နဲ့ ကိုက်ညီနိုင်ပါသလားလို့ သတင်းထောက်တစ်ယောက်က မေးမြန်းတဲ့အခါ ရုရှား ခရိုနီတွေလည်း ရွှေကတ်ဝယ်ယူနိုင်ကြောင်း ထရမ့်က ပြောပါတယ်။ “ဟုတ် ဖြစ်နိုင်တာပေါ့။ ကျွန်တော်သိသလောက်တော့ ရုရှားခရိုနီတချို့ဟာ အတော့်ကို ချမ်းသာကြွယ်ဝတဲ့သူတွေပါ။” လို့ ၎င်းက ပြောပါတယ်။
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေက အလုပ်အကိုင်အခွင့်အလမ်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖန်တီးပေးတဲ့လမ်းကြောင်းက တစ်ဆင့် အမေရိကန်စီးပွားရေး တိုးတက်လာအောင် လှုံ့ဆော်ဖို့အတွက် အမေရိကန် နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေး ဌာန (USCIS) က ကြီးကြပ်တဲ့ “EB-5 နိုင်ငံခြားသားရင်း နှီးမြှုပ်နှံသူ ဗီဇာအစီအစဉ်” ကို ၁၉၉၀ ပြည့်နှစ်မှာ ကွန်ဂရက် လွှတ်တော်က ဖန်တီးခဲ့တာဖြစ်ကြောင်း USCIS ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
“EB-5 အစီအစဉ်ဟာ အဓိပ္ပါယ်မရှိတဲ့ အစီအစဉ်ဖြစ်ပြီး green card ကို ဈေးပေါပေါနဲ့ ရနိုင်မယ့် နည်းလမ်းတစ်ရပ်အဖြစ် ဂိုက်ဖမ်းထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအဓိပ္ပါယ်မရှိတဲ့ EB-5 အစီအစဉ် ကျင့်သုံးတာထက် အဲဒီအစီ အစဉ်ကို ရပ်တန့်ပစ်လိုက်ဖို့ သမ္မတကြီးက ပြောပါတယ်။ ကျွန်တော်တို့ အဲဒီအစီအစဉ်ကို ထရမ့်ရဲ့ ရွှေကတ်နဲ့ အစားထိုး သွားမှာဖြစ်ပါတယ်။” လို့ ကုန်သွယ်ရေးဝန်ကြီးဟိုးဝပ်လတ်နစ်ခ်က သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။
Ref: Trump floats $5 million ‘gold card’ as a route to US citizenship
#PeopleMedia