အမေရိကန်နဲ့ ကုန်သွယ်မှုပိုငွေပြနေတဲ့ ၁၀ နိုင်ငံထဲမှာပါဝင်နေတဲ့အတွက် သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံရေးကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း ထိုင်းစီးပွားရေးပညာရှင်ပြော

PUBLISHED - February 7, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇
ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်နဲ့ ကုန်သွယ်မှုပိုငွေပြနေတဲ့ ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာပါဝင်တဲ့အတွက် အမေရိကန်က ချမှတ်လာမယ့် သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံရေးမူဝါဒအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ထိပ်တန်း စီးပွားရေးပညာရှင်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ စာရင်းအချက်အလက်တွေအရ ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ် မှုပိုငွေ ဒေါ်လာ ၄၁.၅ ဘီလျံပြနေကြောင်း ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကာဆီခွန်သုတေသနစင်တာ (KResearch) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရလဒ်အနေနဲ့ ၂၀၂၃ ခုနှစ်က အမေရိကန်နဲ့ ကုန်သွယ်မှုပိုငွေ အဆင့် ၁၂ မှာရှိခဲ့တဲ့ ထိုင်းနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ အ ဆင့် ၁၀ နေရာကို ရောက်ရှိသွားတာဖြစ်ပါတယ်။
တရုတ်နိုင်ငံကတော့ အမေရိကန်နဲ့ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂၇၀.၄ ဘီလျံရှိပြီး မက္ကဆီကိုက ဒေါ်လာ ၁၅၇.၂ ဘီလျံနဲ့ ဗီယက်နမ်က ဒေါ်လာ ၁၁၃.၁ ဘီလျံရှိပါတယ်။
အမေရိကန်အစိုးရက ကနေဒါနဲ့ မက္ကဆီကိုကို သွင်းကုန်အခွန် ၂၅% ၊ တရုတ်နိုင်ငံကို ၁၀% တိုးမြှင့်ကောက်ခံမှာဖြစ် ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။
သွင်းကုန်အခွန် တိုးမြှင့်ကောက်ခံရေး ဆွေးနွေးဖို့အတွက် ထိုင်းကုန်သွယ်ရေးဝန်ကြီး ဖိချိုင်းနာရစ်သာဖန်းဟာ ပြီးခဲ့တဲ့ အပတ်က အမေရိကန်နိုင်ငံကို ထွက်ခွာသွားပါတယ်။
အမေရိကန်နိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ရာ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၅၄.၉၅ ဘီလျံ (ဘတ်ငွေ ၁.၈၄ ထရီလီယန်) တန်ကြေးရှိ ပြည်ပပို့ကုန်တွေ တင်ပို့နိုင်ခဲ့ပြီး အဲဒီပမာဏဟာ စုစုပေါင်း ထိုင်းပြည်ပပို့ကုန် ရဲ့ ၁၈% ရှိပါတယ်။
ထရမ့်အစိုးရရဲ့ ကုန်သွယ်ရေးပြန်လည်ထိန်းညှိမှု အထူးသဖြင့် မော်တော်ကား၊ ကွန်ပျူတာနဲ့ အီ လက်ထရောနစ်စ္စည်း တွေကို ပစ်မှတ်ထားတိုက်ခိုက်လာမှာကို ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ ထိုင်းအစိုးရကို KResearch သုတေ သနဌာနရဲ့ စီးပွားရေးပညာရှင်အကြီးအကဲ ဘူရင်အဒူဝတ္တနာက တိုက်တွန်းလိုက်ပါတယ်။
ကုန်သွယ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ စွမ်းအင်၊ ပဲပုပ်ပဲ၊ ပြောင်းဖူးတို့လို အမေရိကန် ထုတ်ကုန်တွေကို ပိုမိုတင်သွင်းသွားရေးအတွက် စဉ်းစားဖို့လိုအပ်ကြောင်း ၎င်းက ပြောပါတယ်။
ဘတ်ငွေတန်ဖိုး လျော့ကျနေစဉ်အတွင်းမှာ ထရမ့်လက်ထက် သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ထိုင်းနိုင်ငံရဲ့ GDP ဝ.၅% ဝန်းကျင် လျော့ကျသွားနိုင်ကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ပွဲနဲ့ သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံရေး အရေးယူဆောင်ရွက်မှုတွေဟာ ဧပြီလ ၁ ရက်နေ့ကစပြီး ပိုမိုသိသာထင်ရှားလာနိုင်တယ်လို့ ၎င်းက ပြောပါတယ်။
“ထိုင်းနိုင်ငံဟာ ပြည်တွင်းစီးပွးရေးပြဿနာတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကုန်သွယ်ရေးမှာ နိုင်ငံ တစ်နိုင်ငံတည်းကို မှီခိုအားထားနေတာကို လျှော့ချရမှာဖြစ်တယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားမှာ ဘက်မလိုက်ရပ် တည်မှုကို ဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။” လို့ ဘူရင်းက ပြောပါတယ်။
Ref: Tariff alarm as Thailand enters US trade surplus top 10: The Nation
#PeopleMedia