အမေရိကန်နဲ့ ပြင်သစ်တပ်ဖွဲ့ဝင်တွေ ဆီးရီးယားမြောက်ပိုင်းနယ်စပ်ကို ကာကွယ်ပေးနိုင်ကြောင်း ကာဒစ်အရာရှိပြော
PUBLISHED - January 9, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၉
တူရကီထောက်ပံ့ထားတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေကထောက်ပံ့ထားတဲ့ ကာဒစ်ဆီးရီးယား တပ်ဖွဲ့ ကြား တိုက်ပွဲဖြစ်ပွားနေတာတွေ ရပ်တန့်စေဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဆီးရီးယားမြောက်ပိုင်းက နယ်စပ်ဒေသတစ်ခု ကို အမေရိကန်နဲ့ ပြင်သစ်တပ်ဖွဲ့ဝင်တွေ ကာကွယ်ပေးသွားနိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြကြောင်း ထိပ် တန်း ကာဒစ်အရာရှိတစ်ဦးက ပြောပါတယ်။
ကာဒစ် YPG အဖွဲ့ဟာ ၎င်းတို့တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် ဆီးရီးယား အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ အဲဒီ အဖွဲ့ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး တိုက်ခိုက်သွားမှာဖြစ်ကြောင်း တူရကီအစိုးရက သတိပေး ထားပါတယ်။
အမေရိကန်ထောက်ပံ့ထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကို ဦးဆောင်နေတဲ့ ကာဒစ် YPG အဖွဲ့ဟာ တူရကီနိုင်ငံကို နှစ်ပေါင်း ၄၀ ကြာတိုက်ခိုက်လာတဲ့ ကာဒစ် PKK စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်အုပ်စု တစ်ခုအဖြစ် တူရကီနိုင်ငံက သတ်မှတ်ထားပါတယ်။
ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ဟာ ဆီးရီးယားနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အိုင်အက်စ်စစ် သွေးကြွအကြမ်းဖက်အုပ်စုကို တိုက်ခိုက်ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်တို်က်ခိုက်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဆီးရီးယားသူပုန်အဖွဲ့က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ဆီးရီးယားအာဏာရှင် သမ္မတဘရှားအယ်လ် အာဆတ်ကို ဖြုတ်ချလိုက်ပြီးနောက် SDF အဖွဲ့ဟာ အဲဒီဒေသမှာရှိတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတဲ့ အကျဉ်းစခန်းတွေကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
ပြင်သစ်အစိုးရအနေနဲ့ ဆီးရီယားပြည်တွင်းစစ် ၁၃ နှစ်ကာလအတွင်း အတိုက်အခံလက်နက်ကိုင်အဖွဲ့ မြောက်မြားစွာထဲ က တစ်ဖွဲ့ဖြစ်တဲ့ SDF အဖွဲ့ကို စွန့်ပစ်သွားမှာမဟုတ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အခုသီတင်းပတ် အစောပိုင်းက ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုနဲ့ ပြင်သစ်နိုင်ငံတို့ဟာ ဒီနယ်စပ်ဒေသတစ်ခုလုံးကို အမှန်တကယ် ကာကွယ် စောင့်ရှောက်နိုင်ပါတယ်။ စစ်ရေးညွန့်ပေါင်းမဟာမိတ်အဖွဲ့က ဒီတာဝန်ကိုထမ်းဆောင်သွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့် ပါတယ်။” လို့ ဆီးရီးယားအစိုးရထိန်းချုပ်မှုအောက်မှာ မရှိတဲ့ မြောက်ပိုင်းဒေသ ကာဒစ်အစိုးရ နိုင်ငံခြားရေးပူးတွဲဥက္ကဋ္ဌ အီလ်ဟန်အာမက်က ပြောပါတယ်။
“ဒေသတွင်းမှာ ကျွန်တော်တို့ကို အကာအကွယ်ပေးပြီး စစ်ကင်းမဲ့ဇုန်တစ်ရပ်အဖြစ်ထူထောင်ဖို့နဲ့ တူရကီနိုင်ငံနဲ့ ကောင်း မွန်တဲ့ဆက်ဆံရေးထူထောင်ဖို့အတွက် ဒီနယ်စပ်ကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးဖို့ ပြင်သစ်နိုင်ငံကို ကျွန်တော်တို့တောင်း ဆိုလိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။
တူရကီအစိုးရက ဆီးရီးယားဘက်ကခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ၎င်းတို့ရဲ့နယ်စပ်ဒေသမှာ နှစ်ပေါင်း များစွာ တပ်ဖြန့်ဆောင်ရွက်လာပြီး YPG အဖွဲ့ကို တိုက်ခိုက်ချေမှုန်းဖို့ ဆုံးဖြတ်ထားတဲ့အတွက် အခုပြောတဲ့ အစီအစဉ်ကို တူရကီ အစိုးရဘက်က ဘယ်လောက်အထိ လက်ခံနိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
“နယ်စပ်ဒေသမှာ ပြင်သစ်တပ်ဖွဲ့ဝင်တွေချထားနိုင်ရေးအတွက် ပြင်သစ်နိုင်ငံက တူရကီကို လက်ခံလာအောင် ပြောဆို နိုင်တာနဲ့ တပြိုင်နက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ စတင်နိုင်မှာဖြစ်ပါတယ်။ လာမယ့် သီတင်းပတ်တွေ အတွင်းမှာပဲ လုပ်ငန်းတွေစတင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ အာမက်က ပြောပါတယ်။
Ref: US, French troops could secure Syria’s northern border, Syrian Kurdish official says
#PeopleMedia