အမေရိကန်မရိန်းတပ်ဖွဲ့ MADIS လက်နက်စနစ်ကို အရီဇိုးနားပြည်နယ်မှာ စမ်းသပ်ပစ်ခတ်

PUBLISHED - January 16, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆
အမေရိကန်မရိန်းတပ်ဖွဲ့ဟာ ဒရုန်းတွေကို အဓိကထားပစ်ခတ်ချေမှုန်းမယ့် မရိန်းလေကြောင်းရန်ကာကွယ်ရေး ပေါင်းစပ်လက်နက်စနစ် (MADIS) ကို အရီဇိုးနားပြည်နယ်မှာ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
အရီဇိုးနားပြည်နယ် ယူမာစက်ပစ်ကွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီစမ်းသပ်မှုမှာ သဏ္ဍန်တူဖန်တီးထားတဲ့ ဒရုန်းတွေကို MADIS လက်နက်စနစ်ရဲ့ ကျည်စစ်ကျည်မှန်တွေနဲ့ စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
MADIS လက်နက်စနစ်ကို Joint Light Tactical Vehicles (JLTV) ခေါ် နည်းဗျူဟာမြောက်အပေါ့စားယာဉ် ပေါ်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။
စမ်းသပ်ပစ်ခတ်ရာမှာ စတင်းဂါးဒုံးကျည်တွေနဲ့ ၃၀ မမ စက်အမြောက်တွေကို အသုံးပြုပြီး ပစ်မှတ်မျိုးစုံကို ခြေ ရာခံထောက်လှမ်းပစ်ခတ်ရင်း MADIS လက်နက်စနစ်ကို သရုပ်ပြခဲ့တယ်လို့ မရိန်းတပ်ကပြောပါတယ်။
“MADIS လက်နက်စနစ်ဟာ ပစ်မှတ်အားလုံးကို အပြီးတိုင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်ဆိုတာ လေ့ကျင့်ပစ် ခတ်စဉ်အတွင်းမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။” လို့ မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစီမံ ချက်မန်နေဂျာ အန်ဒရူးကိုနစ်ကီက ပြောပါတယ်။
“မောင်းသူမဲ့လေယာဉ်တွေရဲ့ ခြိမ်းခြောက်မှုကို တန်ပြန်တိုက်ခိုက်ဖို့ အရေးပါမှုကို ပုံကြီးချဲ့ပြောဆိုနေတာ မ ဟုတ်ပါဘူး။ သတင်းတွေမှာ ကျွန်တော်တို့ ကြားနေရပါတယ်။ အဲဒီအတွက် MADIS လက်နက်စနစ်ဟာ အဓိက သော့ချက်တစ်ခုပါပဲ။ မရိန်းတပ်ဖွဲ့မှာ ဒီလက်နက်တွေရရှိလာတာ ကျွန်တော်တို့ ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
MADIS လက်နက်စနစ်ဟာ အီလက်ထရောနစ်စစ်ဆင်ရေးလက်နက်တွေနဲ့ စတင်းဂါးဒုံးကျည်တွေကို အသုံးပြု နို်င်တဲ့ မြေပြင်-ဝေဟင် တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တစ်ခုဖြစ်ပါတယ်။
အနိမ့်ပျံသန်းလာတဲ့ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေကို တိုက်ခိုက်ဖို့အတွက် MADIS လက်နက်စ နစ်ကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် MADIS လက်နက်စနစ်ဟာ ခြိမ်းခြောက်မှုတွေကို တောက်လျှောက်စောင့်ကြည့်နိုင်ဖို့အတွက် ရေဒါ တွေ၊ ကွပ်ကဲကြီးကြပ်ရေးအစိတ်အပိုင်းတွေနဲ့လည်း ပေါင်းစပ်ထားပါတယ်။
လက်နက်စနစ်ကို စစ်မြေပြင်မှာသုံးစွဲခြင်းမပြုခင် ပင်မလက်နက်စနစ်နဲ့ဆက်စပ်ပစ္စည်းလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လက်နက်စနစ်အတည်ပြုစစ်ဆေးခြင်းနဲ့ ကနဦးဆောင်ရွက်ချက်များ ဆန်းစစ်လေ့လာခြင်းတို့ပြုလုပ်နိုင်ဖို့ အ တွက် MADIS လက်နက်စနစ် စမ်းသပ်ပစ်ခတ်မှုတွေကို ထပ်မံဆောင်ရွက်သွားဦးမှာဖြစ်ပါတယ်။
အမေရိကန်မရိန်းတပ်ဖွဲ့ အမှတ် ၃ ကမ်းရိုးတန်းလေကြောင်းရန်ကာကွယ်ရေးတပ်ရင်းက MADIS လက်နက် စနစ်ကို ပထမဦးဆုံးလက်ခံရရှိမယ့် တပ်ရင်းဖြစ်ပါတယ်။
Ref: US Marine Corps Tests MADIS Air Defense System in Arizona
#PeopleMedia