အမေရိကန်မှာ လူတစ်စုလွှမ်းမိုးချုပ်ကိုင်တဲ့အစိုးရတစ်ရပ်ဖြစ်လာမယ့် အန္တရာယ် ဘိုင်ဒန်သတိပေး

PUBLISHED - January 16, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆
ဘီလျံနာသူဌေးအုပ်စုတစ်စုက နိုင်ငံအပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားနေမှုဟာ ဒီမိုကရေစီစံနှုန်းတွေ ပြောင်းပြန်လန်သွားနိုင်တဲ့ နိုင်ငံရေးအာဏာချုပ်ကိုင်ထားတဲ့လူနည်းစုတစ်ရပ်အုပ်ချုပ်တဲ့ အစိုးရဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း အမေရိ ကန်သမ္မတဂျိုးဘိုင်ဒန်က ဇန်နဝါရီ ၁၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ပြောကြားလိုက်ပါ တယ်။
မကြာခင်အနားယူတော့မယ့် ဘိုင်ဒန်က သမ္မတဘဲဥပုံရုံးခန်းထဲကနေ တိုင်းပြည်ကို နှုတ်ဆက်စကား ပြောကြားတဲ့အချိန်မှာ အခုလို ထည့်သွင်းပြောကြားလိုက်ပါတယ်။
“ကျွန်တော် အလွန်စိုးရိမ်ပူပန်တဲ့ နိုင်ငံရဲ့ တချို့ကိစ္စတွေနဲ့ပတ်သက်ပြီး သတိပေးချင်တာရှိပါတယ်။ အဲဒါကတော့ အင်မတန်ကြွယ်ဝချမ်းသာတဲ့လူနည်းစုတစ်စုလက်ထဲမှာ နိုင်ငံတော်အာဏာကို စုစည်းချုပ်ကိုင် ထားတဲ့ အန္တရာယ်နဲ့ အဲဒီအာဏာကို အတားအဆီးမဲ့ အလွဲသုံးစားလုပ်လာခဲ့ရင် ထွက်ပေါ်လာမယ့် နောက်ဆက်တွဲအန္တရာယ်တွေပဲ ဖြစ်ပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။
“ဒီကနေ့အချိန်မှာ ကျွန်တော်တို့အားလုံးရဲ့ ဒီမိုကရေစီ၊ ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေ၊ ဖွံ့ဖြိုးတိုးတက်အောင် လူတစ်ဦးချင်းစီ တရားမျှတစွာ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်း စတာတွေကို တိုက်ရိုက်ခြိမ်းခြောက် နေတဲ့ အမေရိကရဲ့ ကျိကျိတက်ချမ်းသာကြွယ်ဝမှုတဲ့၊ သြဇာအာဏာရှိတဲ့ အသိုင်းအဝိုင်းမှာ လူနည်းစုကို ကိုယ်စားပြုတဲ့ အစိုးရတစ်ရပ်ကို ပုံဖော်နေပြီဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါ တယ်။
ပြည်သူကို အန္တရာယ်သတိထားဖို့ ပြောကြားရာမှာ ၁၉၆၁ ခုနှစ်က အမေရိကန်သမ္မတဒွိုက်ဒီအိုင်စင်ဟောင်ဝါ နှုတ်ဆက် မိန့်ခွန်းမှာ ပြောခဲ့တဲ့စကားကို ဘိုင်ဒန်က ရည်ညွှန်းကိုးကားပြောဆိုခဲ့ပါတယ်။
“အမေရိကန်ဒီမိုကရေစီအပေါ် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီကွန်ရက်ကြီးရဲ့ သြဇာလွှမ်းမိုးမှုတွေ တဖြည်း ဖြည်းကြီးမားလာတာကို သတိပြုကြဖို့” အိုက်စင်ဟောင်ဝါက ပြောခဲ့တာဖြစ်ပါတယ်။
အခုလည်း အမေရိကန်မှာ “နည်းပညာထုတ်လုပ်မှုကုမ္ပဏီကွန်ရက်ကြီး” က အလားတူ ခြိမ်းခြောက်မှုကို ဆောင်ရွက်နေ တဲ့အတွက် မြင့်တက်လာနိုင်တဲ့အန္တရာယ်ကို စိုးရိမ်ပူပန်မိကြောင်း ဘိုင်ဒန်က ပြောပါတယ်။
Tesla ကုမ္ပဏီနဲ့ SpaceX ကုမ္ပဏီတို့ရဲ့ CEO အီလွန်မတ်က ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့်အတွက် ဒေါ် လာသန်းပေါင်းများစွာအသုံးပြုပြီးနောက်မှာ ဘိုင်ဒန်က အခုလို သတိပေးပြောကြားလိုက်တာဖြစ်ပါတယ်။
ဖက်ဒရယ်အစိုးရဌာနအသီးသီးရဲ့ ဘတ်ဂျက်တွေကို အများအပြားဖြတ်တောက်ဖို့အတွက် “ထရမ့်စီမံချက် အသစ်” အစီအစဉ်မှာ ထရမ့်ရဲ့မိတ်ဆွေ ဗီဗက်ရာမာ ဆွာမိနဲ့အတူ ဦးဆောင်နိုင်ရေး အိမ်ဖြူတော်မှာ နေရာတစ်နေရာပေးဖို့ အီလွန်မတ်ကို လျာထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
တနင်္လာနေ့ (ဇန်နဝါရီ ၂၀ ရက်နေ့) မှာကျင်းပမယ့် ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို Amazon ကုမ္ပဏီ တည်ထောင်သူ ဂျက်ဘေးဇိုး (Jeff Bezos)၊ Meta ကုမ္ပဏီ CEO မာ့ခ်ဇူကာဘက်တို့နဲ့အတူ အီလွန်မတ်လည်းတက် ရောက်မှာဖြစ်ပါတယ်။
ဂျက်ဘေးဇိုးနဲ့ မာ့ခ်ဇူကာဘက်တို့ကလည်း ဒေါ်နယ်ထရမ့်ရဲ့ သမ္မတရာထူးအပ်နှင်းပွဲကော်မတီကို ဒေါ်လာသန်းပေါင်း များစွာ လှူဒါန်းခဲ့ကြပါတယ်။
ထရမ့်အနိုင်ရလာပြီးနောက်မှာ Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Meta ကုမ္ပဏီရဲ့ မူဝါဒတွေကို သွယ်ဝိုက်ပြောဆိုတဲ့အနေနဲ့ လူမှုကွန်ရက်မီဒီယာတွေမှာ သတင်းအချက်အလက် စိစစ်တာတွေကို လျှော့ချလိုက်တဲ့အကြောင်းကိုလည်း ဘိုင်ဒန်က အလေးထားပြောကြားခဲ့ပါတယ်။
အီလွန်မတ်ကလည်း အရင်တုန်းက Twitter လို့ခေါ်ပြီး အခု X လို့ ခေါ်တဲ့ လူမှုကွန်ရက်မှာ အလားတူ မူဝါဒသစ်ကို ချမှတ်ကျင့်သုံးခဲ့ပါတယ်။
“အမေရိကန်နိုင်ငံသားတွေဟာ အာဏာအလွဲသုံးစားလုပ်နိုင်တဲ့ သတင်းမှားတွေနဲ့ လုပ်ကြံသတင်းတွေ အောက်မှာ နစ်မြုပ်နေပါတယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။
“သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ တစ်စစီပြိုလဲနေပါတယ်။ လူမှုကွန်ရက်ကလည်း သတင်းအချက်အလက် စိစစ်တာကို လက်လျှော့ထားရတယ်။ အမှန်တရားဟာ အာဏာနဲ့ အကျိုးအမြတ်ရဖို့အတွက် ပြောဆိုခဲ့တဲ့ လိမ်လည်မှုတွေရဲ့ ဖိသတ်တာကို ခံနေရတယ်။ ကျွန်တော်တို့ ကလေးသူငယ်တွေ၊ ကျွန်တော်တို့ မိသားစုတွေနဲ့ ကျွန်တော်တို့ရဲ့ တကယ့်ဒီမိုကရေစီကို အာဏာအလွဲသုံးစားမှုကနေ ကာကွယ်ဖို့အတွက် လူမှုကွန်ရက်ပလက် ဖောင်းတွေကို တာဝန်ယူခိုင်းရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ အာဏာခွဲဝေသုံးစွဲမှုနဲ့ အပြန်အလှန်စစ်ဆေးထိန်းညှိတဲ့စနစ်ဟာ အကြွင်းမဲ့ ပြည့်စုံတာ မဟုတ်ပေမဲ့ တခြားနိုင်ငံတွေရဲ့သမိုင်းထက် ရှည်လျားစွာ နှစ်ပေါင်း ၂၅၀ ကြာအောင် ကျွန်တော်တို့ ဒီမိုကရစီကို ထိန်းသိမ်းလာခဲ့တာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်ဟာ အမေရိကကို အောင်မြင်စေချင်တဲ့အတွက် မကြာခင်တက်လာမယ့်အစိုးရကိုလည်း အောင်မြင်စေချင်ပါတယ်။” လို့ ထရမ့်အစိုးရကို ရည်ညွှန်းပြီး ဘိုင်ဒန်က ပြောပါတယ်။
Ref: Biden warns of rise of American oligarchy in farewell address to nation: Anadolu Ajans (AA)
#PeopleMedia