အမေရိကန်ရေတပ်ကန်ထရိုက်တာ “ဖက်လီယိုနဒ်” ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ
PUBLISHED - November 6, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၆
အမေရိကန်ရေတပ်ရဲ့ အဆိုးရွားဆုံး အကျင့်ခြစားမှုမှာပါဝင်ခဲ့တဲ့အတွက် “ဖက်လီယိုနဒ်” လို့ လူသိများတဲ့ မလေးရှားလူမျိုး စစ်ဘက်ဆိုင်ရာကန်ထရိုက်တာ လီယိုနဒ်ဖရန်စစ်ကို အင်္ဂါနေ့ (နိုဝင်ဘာ ၅ ရက်နေ့) က ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။
အသက် ၆၀ အရွယ် ဖရန်စစ်ကို အမေရိကန်ရေတပ်ကို ဒေါ်လာ သန်း ၂၀ လျော်ကြေးပေးဖို့ ဆန်ဒီယာဂိုမြို့က တရားသူကြီးတစ်ဦးက အမိန့်ချမှတ်ခဲ့သလို မရိုးမဖြောင့်ရရှိခဲ့တဲ့ ဒေါ်လာ ၃၅ သန်းကို ပြန်လည်အပ်နှံဖို့ တောင် ပိုင်းကယ်လီဖိုးနီးယားပြည်နယ် အမေရိကန်ရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
စင်္ကာပူအခြေစိုက် Glenn Defense Marine Asia ခေါ် စစ်ဘက်ဆိုင်ရာကန်ထရိုက် ကုမ္ပဏီတစ်ခုကို ဦးစီး ဆောင်ရွက်နေတဲ့ ဖရန်စစ်ကို ၂၀၁၃ ခုနှစ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အာရှ-ပစိဖိတ်ဆပ်ကမ်းတွေမှာရှိတဲ့ ၎င်းပိုင်ဆိုင်တဲ့ သင်္ဘောကျင်းတွေမှာ လုပ်ငန်းဆောင်ရွက်ဖို့အတွက် ရေ တပ်အရာရှိတွေကို လာဘ်ထိုးခဲ့ပြီးနောက် လုပ်ငန်းဆောင်ရွက်မှုအတွက် အမေရိကန်ရေတပ်ဆီက ဒေါ်လာ ၃၅ သန်း မတန်တဆဈေးတင်ရယူခဲ့ကြောင်း ၂၀၁၅ ခုနှစ်မှာ ဖရန်စစ်က ဝန်ခံခဲ့ပါတယ်။
ဖရန်စစ်ဟာ ရေတပ်အရာရှိတွေကို ငွေသား ဒေါ်လာ ၅၀၀၀၀၀ ကျော် လာဘ်ထိုးခဲ့သလို တန်ဖိုးကြီးဟန်းဘက် အိတ်တွေ၊ လက်ပတ်နာရီတွေလို ပစ္စည်းတွေ လက်ဆောင်ပေးခြင်းအပါအဝင် ပြည့်တန်ဆာတွေနဲ့ ဧည့်ခံခြင်း၊ ပထမတန်းစားခရီးစဉ်တွေ စီစဉ်ပေးခြင်း၊ ဇိမ်ခံဟိုတယ်ကြီးတွေ စီစဉ်ပေးခြင်းနဲ့ တန်ဖိုးကြီးအစား အ သောက် တွေ ကျွေးမွေးဧည့်ခံခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဖရန်စစ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ အမိန့်ချမှတ်ဖို့ စီစဉ်ထားပြီးဖြစ်ပေမဲ့လည်း ၎င်းဟာ နေအိမ်အကျယ် ချုပ်ကျခံနေရစဉ်အတွင်း GPS တပ်ဆင်ထားတဲ့ ခြေကျင်းကို ဖြတ်တောက်ပြီး ဗန်နီဇွဲလားနိုင်ငံကို ထွက်ပြေး သွားခဲ့ပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ဖရန်စစ်ကို ဗင်နီဇွဲလား နိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
ပြစ်ဒဏ်သက်သာစေဖို့အတွက် အပြစ်ရှိကြောင်းထွက်ဆိုရန် ညှိနှို်င်းချက် (plea agreement) အစိတ်အပိုင်း တစ်ခုအနေနဲ့ ဖရန်စစ်ဟာ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမေရိကန်ရေတပ်က အဆင့်မြင့်အရာရှိကြီးတွေနဲ့ ပတ်သက် တဲ့ သတင်းအချက်အလက် အသေးစိတ်ကို အစိုးရစုံစမ်းစစ်ဆေးရေးမှူးတွေကို ပြောပြခဲ့ပါတယ်။
Ref: US Navy Contractor ‘Fat Leonard’ Sentenced to 15 Years in Prison
#PeopleMedia