အမေရိကန်ရေတပ်ကပို့ချတဲ့ တိုမာဟော့ဒုံးကျည်ပစ်ခတ်နည်းသင်တန်း ဂျပန်တပ်ဖွဲ့ဝင်တွေတက်ရောက်
PUBLISHED - April 3, 2024
နိုင်ငံတကာ၊ ဧပြီ ၃
ယိုကိုရှုကာမြို့မှာ အမေရိကန်ရေတပ်ကစီစဉ်တဲ့ “မြေပြင်ပစ်မှတ်များကို တိုမာဟော့ဒုံးကျည်နဲ့ တိုက်ခိုက်ခြင်း” လေ့ကျင့်မှုကို ဂျပန်ရေတပ်တပ်ဖွဲ့ဝင်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အောင်မြင်စွာ တက် ရောက်သင်ကြားခဲ့ပါတယ်။
သီတင်းပတ်ကြာသင်တန်းမှာ ဒုံးကျည်စနစ်တွေ အပြည့်အဝအသုံးချနိုင်ရေးအတွက် ကြိုတင်လိုအပ်ချက်တစ် ရပ်အဖြစ် သင်္ဘောအခြေစိုက်လက်နက်စစ်ဆင်ရေးတွေ ပေါင်းစပ်ညှိနှိုင်းမှုနဲ့ ဆက်နွယ်တဲ့ အမေရိကန်ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ ရေတပ်ခရုစ်ဒုံးကျည်သင်ရိုးပေါ်အခြေခံထားတဲ့ သင်ခန်းစာတွေ ပါဝင်ပါတယ်။
သင်တန်းမှာ ဂျပန်တပ်ဖွဲ့ဝင်တွေဟာ စာတွေ့လေ့ကျင့်ခန်းတွေ၊ အသေးစိတ်ရှင်းလင်းသင်ကြားမှုတွေကို လေ့ လာသင်ယူခဲ့သလို အမေရိကန်ရေတပ်က Arleigh Burke-class ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောအမျိုးအ စားဖြစ်တဲ့ USS McCampbell (DDG 85) က တိုမာဟော့ဒုံးကျည် သရုပ်ပြပစ်ခတ်မှုကို လေ့လာခဲ့ကြပါတယ်။
ဂျပန်တပ်ဖွဲ့ဝင်တွေဟာ တိုမာဟော့ဒုံးကျည်စနစ်၊ ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ခွင့်ရခဲ့ပါတယ်။ သဏ္ဍန်တူဒုံးကျည်ပစ်ခတ်လေ့ကျင့်မှုမှာ ဂျပန်တပ်ဖွဲ့ဝင်တွေဟာ ၎င်းတို့စွမ်းရည်တွေကို ထုတ်ဖော်ပြသခဲ့ ကြောင်း အမေရိကန်ရေတပ်ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ပြီးခဲ့တဲ့ရက်တွေအတွင်း ဂျပန်တပ်ဖွဲ့ဝင်တွေနဲ့အတူလက်တွဲပြီး ခရုစ်ဒုံးကျည်အမိန့်ပေးကွပ်ကဲမှုလေ့ကျင့်ခန်း ကို ဆောင်ရွက်ခဲ့တာဟာ အထူးအခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။” လို့ အမေရိကန် မြေပြင်တိုက်ခိုက်ရေးစနစ် လေ့ကျင့်ရေးဌာနချုပ်၊ အနောက်ပစိတ်ဖိတ်ရုံးတာဝန်ခံအရာရှိ မိုက်ကယ်အန်နိုးလ်က ပြောပါတယ်။
ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရမ်းအီမန်နျူရယ်ကလည်း တိုမာဟော့ဒုံးကျည်ပစ်ခတ်မှုလေ့ကျင့် ခန်းပြုလုပ်နေတဲ့နေရာကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေက အမေရိကန်ရေတပ်မှာ စတင်သုံးစွဲခဲ့တဲ့ တိုမာဟော့ဒုံးကျည်ဟာ တစ်နာရီကို ၈၈၅ ကီလိုမီတာ (၅၅၉ မိုင်) နှုန်းနဲ့ ရာသီမရွေးပျံသန်းနိုင်တဲ့ တာဘိုဖန်အင်ဂျင်တပ် ဒုံးကျည်ဖြစ်ပါတယ်။
တိုမာဟော့ဒုံးကျည်ဟာပေါက်ကွဲအားပြင်းထန်တဲ့ ထိပ်ဖူးတွေအပြင် သာမိုနျူကလီးယားထိပ်ဖူးတွေကိုလည်း သယ်ဆောင်နိုင်ပါတယ်။ ထုတ်လုပ်တဲ့ ပုံစံပေါ်မူတည်ပြီး တိုမာဟော့ဒုံးကျည်တွေဟာ ကီလိုမီတာ ၄၆၀ (၂၈၆ မိုင်) ကနေ ကီလိုမီတာ ၁၆၀၀ (၉၉၄ မိုင်) မှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်ပါတယ်။
Ref: Japanese Soldiers Complete US-Led Tomahawk Land Attack Missile Training
#PeopleMedia