• Follow Us on

Home အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် နေတိုးအဖွဲ့ ဆက်လက်စည်းလုံးညီညွတ်စွာတည်ရှိမည်

အမေရိကန်ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် နေတိုးအဖွဲ့ ဆက်လက်စည်းလုံးညီညွတ်စွာတည်ရှိမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၅

 

အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေက အမေရိကန်ရွေးကောက်ပွဲရလဒ်ကို စိတ်ဝင်တစားစောင့်ကြည့်နေစဉ်အ တွင်း ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်သည်ဖြစ်စေ နေတိုးအဖွဲ့ဟာ စုစည်းညီညွတ်စွာဆက်လက်တည်ရှိနေမှာ ဖြစ်ကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ်မတ်ရပ်တာက တနင်္လာနေ့ (နိုဝင်ဘာ ၄ ရက်နေ့) က ဘာလင်မြို့မှာ ပြောကြားလိုက်ပါတယ်။

 

“ဘယ်သူပဲ ဒီရွေးကောက်ပွဲမှာ နိုင်နိုင် ကျွန်တော်တို့ လက်တွဲပြီး အလုပ်လုပ်သွားကြရမှာဖြစ်ပါတယ်။ ကမ္မလာ ဟားရစ်နိုင်ရင်လည်း သူနဲ့ အလုပ်လုပ်ရမှာဖြစ်သလို ဒေါ်နယ်ထရမ့်နိုင်ရင်လည်း သူနဲ့ အလုပ်လုပ်ရမှာပဲဖြစ်ပါ တယ်။ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ကြီး ဆက်လက်စုစည်းညီညွတ်စွာတည်ရှိနေဖို့ လုပ်ရမှာပါ။” လို့ ဂျာမန်အဓိ ပတိ အိုလက်ရှိုးနဲ့ ရပ်နေတဲ့ ရပ်တာက ပြောပါတယ်။

 

နေတိုးအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် နေတိုးအဖွဲ့ကို ဆက်လက်ထောက်ပံ့သွားမှာပဲဆိုတာ သံသယဖြစ်စရာမလိုကြောင်း ရပ်တာက ပြောပါတယ်။

 

ခန့်မှန်းရခက်တဲ့ရွေးကောက်ပွဲမှာ ထရမ့်နိုင်သွားခဲ့ရင် စစ်အေးတိုက်ပွဲကာလအစကတည်းက တည်ထောင်လာခဲ့ တဲ့ စစ်ရေးမဟာမိတ်အဖွဲ့ကြီးအတွက် ထိန်းမရတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာကို အနောက်မဟာမိတ် နိုင်ငံတွေက စိုးရိမ်နေပါတယ်။

 

၂၀၁၇-၂၀၂၁ ခုနှစ် ထရမ့်သမ္မတသက်တမ်းကာလမှာ “ငွေကြေးသုံးစွဲဖို့ မလုံလောက်ဘူး” လို့ ထရမ့်က မဟာ မိတ်နိုင်ငံတွေကို ဒေါသတကြီးပြောဆိုခဲ့တဲ့ ဒဏ်ကို မဟာမိတ်နိုင်ငံတွေ ခံစားခဲ့ရပါတယ်။

 

“နေတိုးအဖွဲ့အတွင်း ထည့်ဝင်ရမယ့် ရန်ပုံငွေ အလုံအလောက် မထည့်ဝင်တဲ့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်ခိုက်ဖို့ အတွက် ရုရှားကို တိုက်တွန်းအားပေးသွားမယ်” လို့ ဖေဖော်ဝါရီလအတွင်းကလည်း ထရမ့်က ပြောကြားခဲ့ဖူးပါ တယ်။

 

အဲဒီလိုအချိန်မှာ ကမ္မလာဟားရစ်ကတော့ “မဟာမိတ်နိုင်ငံတွေနဲ့အတူလက်တွဲဆောင်ရွက်သွားမှာဖြစ်ပြီး နေတိုးအဖွဲ့နဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း” မကြာခဏ ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ထရမ့်သမ္မတဖြစ်လာခဲ့ရင် ယူကရိန်းကိုထောက်ပံ့နေတဲ့ အမေရိကန်အကူအညီတွေကို ဖြတ်တောက် လျှော့ချပစ်မှာကိုလည်း မဟာမိတ်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

 

ရုရှားနိုင်ငံမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတာဟာ ဥရောပ-အတ္တလန်တိတ်လုံခြုံရေးသာမ က အင်ဒို-ပစိဖိတဒေသလုံခြုံရေးအတွက်ပါ မိမိတို့လုပ်ဆောင်နိုင်တာမှန်သမျှ လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆို တဲ့ အဓိပ္ပါယ်ပဲဖြစ်ကြောင်း အတွင်းရေးမှူး ရပ်တာက ပြောပါတယ်။

 

ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကတော့ ၎င်းရဲ့ “အောင်ပွဲစီမံချက်” ကို အနောက်မဟာမိတ်နိုင်ငံတွေကို တင်ပြတဲ့အချိန်မှာ ယူကရိန်းကို နေတိုးအဖွဲ့ထဲဝင်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။

 

မဟာမိတ်လေးငါးနိုင်ငံနဲ့ ယူကရိန်းနိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တဲ့ လုံခြုံရေးသဘောတူညီချက်စာချုပ်တွေ ဟာ ရေရှည်မှာ နေတိုးအဖွဲ့ထဲဝင်ရောက်ဖို့အတွက် တံတားတစ်စင်းဖြစ်ကြောင်း ရပ်တာက ပြောပါတယ်။

 

“တစ်နေ့မှာ ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် လုံးဝ ယုံကြည် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: NATO Will ‘Stay United’ Whoever Wins US Election: Rutte

 

#PeopleMedia


Share this post