အမေရိကန်လိုချင်တဲ့ စိန့်မာတင်ကျွန်းပေးလိုက်ရင် ဝန်ကြီးချုပ်ရာထူးမှာ ဆက်ရှိနေမှာဖြစ်ကြောင်း ဟာဆီနာပြော
PUBLISHED - August 12, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၂
စိန့်မာတင်ကျွန်းရဲ့ အချုပ်အခြာအာဏာကို အဆုံးရှုံးခံလိုက်ပြီး ဘင်္ဂလားပင်လယ်အော်ကို အမေရိကန်ကို သြ ဇာလွှမ်းမိုးခွင့်ပေးလိုက်မယ်ဆိုရင် ၎င်းအနေနဲ့ အာဏာဆက်ရှိနေမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာဆီနာက ပြောကြားလိုက်ကြောင်း ကမ္ဘာ့သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
နောက်ထပ် လူတွေသေကြေပျက်စီးတာကို မမြင်ရအောင်လို့ ၎င်းအနေနဲ့ နုတ်ထွက်ခဲ့ရတာဖြစ်ကြောင်း သြဂုတ် လ ၅ ရက်နေ့မှာ အိန္ဒိယကို ထွက်ပြေးခဲ့တဲ့ အသက် ၇၆ နှစ်အရွယ် ရှိတ်ဟာဆီနာက ပြောပါတယ်။
ဒီစကားတွေကို ၎င်းအနေနဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုချင်ပေမဲ့ ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ်နေအိမ်ကို ရောက်ရှိလာတဲ့အတွက် ပြောခွင့်မသာဘဲ တိုင်းပြည်က ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။
၎င်းရဲ့ အဝါမီအဖွဲ့ချုပ်ပါတီ ပစ်မှတ်ထားတိုက်ခိုက်ခံရတာ နာကျင်ခံစားရကြောင်း ဝန်ကြီးချုပ်ဟောင်းဟာဆီနာ က ပြောပေမဲ့ ၎င်းအနေနဲ့ မကြာခင် ဘင်္ဂလားဒေ့ရှ်ကို ပြန်လာမှာဖြစ်ကြောင်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အနာဂတ်အတွက် ဆုတောင်းနေကြောင်း ဟာဆီနာက ပြောပါတယ်။
“ဆန္ဒပြတဲ့သူတွေ သေကြေပျက်စီးတာ မမြင်ရအောင်လို့ ကျွန်မ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတွေ ရဲ့အလောင်းတွေကို ရင်းပြီး သူတို့အာဏာလိုချင်ကြပေမဲ့ ကျွန်မ ဒါကို ခွင့်မပြုခဲ့ပါဘူး။ ကျွန်မ ဝန်ကြီးချုပ်အဖြစ် က နုတ်ထွက်ခဲ့ပါတယ်။ စိန့်မာတင်ကျွန်းရဲ့ အချုပ်အခြာအာဏာကို အဆုံးရှုံးခံလိုက်ပြီး ဘင်္ဂလားပင်လယ် အော်ကို အမေရိကန်ကို သြဇာလွှမ်းမိုးခွင့်ပေးလိုက်မယ်ဆိုရင် ကျွန်မအနေနဲ့ အာဏာဆက်ရှိနေမှာဖြစ်ပါတယ်။ အခြေခံဝါဒတွေရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို မခံကြပါနဲ့လို့ ကျွန်မနိုင်ငံသားတွေကို ကျွန်မ တောင်းပန်ပါတယ်။” လို့ ဟာဆီနာရဲ့ မပြောဖြစ်ခဲ့တဲ့ မိန့်ခွန်းထဲက စကားတွေကို မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
“ကျွန်မသာ တိုင်းပြည်ထဲမှာ ဆက်နေခဲ့မယ်ဆိုရင် အသက်တွေ ပိုပြီးဆုံးရှုံးမှာဖြစ်သလို ရင်းမြစ်တွေ ပိုပြီး ဖျက် ဆီးခံရမှာဖြစ်ပါတယ်။ တိုင်းပြည်ကထွက်ခွာသွားဖို့ အလွန့်အလွန် ခက်ခဲပင်ပန်းစွာ ကျွန်မ ဆုံးဖြတ်ချက်ချခဲ့ရ တာပါ။ ပြည်သူတွေရွေးချယ်လို့ ကျွန်မ ခေါင်းဆောင်ဖြစ်လာခဲ့ရတာပါ။ ပြည်သူတွေဟာ ကျွန်မရဲ့အင်အားပါပဲ။” လို့ ၎င်းက ပြောပါတယ်။
၎င်းရဲ့အစိုးရကို ဖြုတ်ချဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်နေပြီး လူဖြူအုပ်စုတစ်စုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြင်ဘက် မှာ ခရစ်ယာန်နိုင်ငံတစ်နိုင်ငံ တည်ထောင်ဖို့ ကြိုးပမ်းနေကြောင်း မေလအတွင်းက ဟာဆီနာက ပြောခဲ့ပါတယ်။ ၎င်းအနေနဲ့ နိုင်ငံတစ်နိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခွင့်ပေးလိုက် ရင် ဘာပြဿနာမှ ကြုံရမှာမဟုတ်ကြောင်း ဟာဆီနာက ပြောပါတယ်။
လွတ်လပ်ရေးစစ်ပွဲကာလ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေကို အလုပ်အကိုင်ခွဲတမ်းတွေ ချပေးခဲ့တာကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ပြီး ရှိတ်ဟာဆီနာ နိုင်ငံတွင်းက ထွက်ပြေးခဲ့ရပါတယ်။
Ref: ‘Had I surrendered Saint Martin Island…,’ US named in Hasina’s draft speech: The Statesman
#PeopleMedia