• Follow Us on
Latest News

Home အမေရိကန်လေတပ်ရဲ့ B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အောင်မြင်စွာစမ်းသပ်ပျံသန်း

အမေရိကန်လေတပ်ရဲ့ B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် အောင်မြင်စွာစမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄

 

အမေရိကန်ထုတ် B-21 Raider ကိုယ်ပျောက်လေယာဉ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က ပထမဦးဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း အမေရိကန်လေတပ်က ကြေညာလိုက်ပါတယ်။

 

၂၀၂၂ ခုနှစ်မေလမှာ မြေပြင်စမ်းသပ်မှုတွေနဲ့ ပထမဦးဆုံးအကြိမ်ပျံသန်းစဉ်အတွင်း အန္တရာယ်ရှိနိုင်မှန်သမျှ လျှော့ချပြီး ရုတ်တရက်အန္တရာယ်ပေးလာနိုင်တဲ့ ဘယ်လိုချွတ်ယွင်းမှုမျိုးမဆို ထွက်ပေါ်မလာအောင် တိကျ သေချာစွာဆောင်ရွက်နိုင်ရေးအတွက် အဆင့်မြင့်လက်တွေ့စမ်းသပ်လေ့လာမှုတွေပြုလပ်ပြီးနောက် အခုလို ပထမဦးဆုံးစမ်းသပ်ပျံသန်းမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

ကယ်လီဖိုးနီးယားပြည်နယ် ပမ်းလ်ဒယ်လ်မြို့ ကောင်းကင်ယံမှာ B-21 Raider ကိုယ်ပျောက်လေယာဉ် ပထမ ဦးဆုံးအကြိမ် စမ်းသပ်ပျံသန်းနေတဲ့ပုံကို X လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်မှာတွေ့မြင်ရပါ တယ်။

 

စမ်းသပ်ပျံသန်းမှုအတွင်း B-21 ကိုယ်ပျောက်လေယာဉ်နဲ့အတူ စောင့်ကြည့်လေ့လာပြီး ဗီဒီယို/ဓာတ်ပုံရိုက်ကူး ဖို့အတွက် F-16 ဂျက်တိုက်လေယာဉ်တစ်စင်းက အနီးကပ်လိုက်ပါပျံသန်းခဲ့ပါတယ်။

 

အချိန်ကာလရှည်စောင့်မျှော်နေရတဲ့ B-21 ဗုံးကြဲလေယာဉ် ထွက်ပေါ်လာဖို့အတွက် အခုလို စမ်းသပ်ပျံသန်းတဲ့ မှတ်တိုင်သစ် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပျံသန်းမှုအပြီး ထုတ်ပြန်ကြေညာတဲ့အချိန်မှာ လေတပ် ပြောခွင့်ရပုဂ္ဂိုလ် အန်စတီဖာနက်က သတင်းထောက်တွေကို ပြောပါတယ်။

 

“လေယာဉ်စမ်းသပ်ပျံသန်းမှုဟာ လေတပ်စမ်းသပ်ပျံသန်းမှုစင်တာနဲ့ အမှတ် ၄၁၂ စမ်းသပ်ပျံသန်းမှုလေယာဉ် အုပ်ရဲ့ B-21 ဗုံးကြဲလေယာဉ်စမ်းသပ်ပျံသန်းရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ စမ်းသပ်ပျံသန်းမှုမှာ အလွန်အရေးကြီးတဲ့ အဆင့်တစ်ရပ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအပေါ် ကျူး ကျော်ရန်စမှုနဲ့ မဟာဗျူဟာမြောက်တိုက်ခိုက်လာမှုတွေကို ကာကွယ်ဟန့်တားနိုင်ရေး တာဝေးထိုးဖောက်ပျံ သန်းတိုက်ခိုက်နိုင်ဖို့အတွက် ဒီစမ်းသပ်ပျံသန်းမှုကိုဆောင်ရွက်ခဲ့တာပါ။” လို့ ၎င်းက ပြောပါတယ်။

 

Northrop Grumman ကုမ္ပဏီက ဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တဲ့ B-21 Raider ကိုယ်ပျောက်လေယာဉ်ဟာ အနှစ် ၃၀ ကျော်ကာလအတွင်း အမေရိကန်လေတပ်ထဲမှာ ပထမဦးဆုံး ဗုံးကြဲလေယာဉ်အသစ်ဖြစ်ပါတယ်။

 

ဒီလေယာဉ်တည်ဆောက်ပုံ၊ လက်နက်စနစ်တွေနဲ့ နည်းပညာတွေကို တရုတ်နိုင်ငံနဲ့ တခြားပြိုင်ဘက်နိုင်ငံတွေ က အတုယူထုတ်လုပ်သွားမှာကို ကာကွယ်တဲ့အနေနဲ့ လေယာဉ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို အထူး လျှို့ဝှက်ထားတယ်လို့ ဆိုပါတယ်။

 

အမေရိကန်စစ်ဘက်ဆိုင်ရာအရာရှိတွေက B-21 Raider ကိုယ်ပျောက်လေယာဉ်ရဲ့စွမ်းရည်တွေကို ချီးကျူး ပြောဆိုခဲ့သလို ကာကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်ကလည်း “တခြား ဘယ်တာဝေးဗုံးကြဲလေယာဉ် တွေမှ B-21 Raider ဗုံးကြဲလေယာဉ်ရဲ့စွမ်းရည်ကို မမီဘူး။” လို့ ပြောကြားခဲ့ပါတယ်။

 

ကမ္ဘာ့ဒုတိယမြောက်ကိုယ်ပျောက်ဗုံးကြဲလေယာဉ် B-21 ဟာ ၂၀၂၀ ပြည့်လွန်နှစ်ကာလ အလယ်ပိုင်းလောက် မှာ စတင်တာဝန်ထမ်းဆောင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

 

Ref: US Air Force’s B-21 Raider Stealth Bomber Completes Maiden Flight

 

#PeopleMedia


Share this post