• Follow Us on

Home အမေရိကန်လေယာဉ်တင်သင်္ဘောမှာ ကမ္ဘာ့ပထမဦးဆုံး မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေးစင်တာ ဖွဲ့စည်းတည်ဆောက်

အမေရိကန်လေယာဉ်တင်သင်္ဘောမှာ ကမ္ဘာ့ပထမဦးဆုံး မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေးစင်တာ ဖွဲ့စည်းတည်ဆောက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၂

 

USS George H.W. Bush (CVN-77) (ယူအက်စ်အက်စ်ဂျော့ချ်အိပ်ချ်ဒဗလျူဘုရ်) လေယာဉ်တင်သင်္ဘောမှာ ကမ္ဘာ့ပထမဦးဆုံး မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေးစင်တာ (UAWC) တစ်ခု ဖွဲ့စည်းတပ်ဆင်ထားလိုက်ပြီဖြစ် ပါတယ်။

 

အဲဒီလိုတပ်ဆင်ဖွဲ့စည်းလိုက်တဲ့အတွက် USS George H.W. Bush လေယာဉ်တင်သင်္ဘောကေပါ်က F/A-18 Super Hornet ဂျက်တိုက်လေယာဉ်တွေရဲ့ ဝေဟင် ဆီဖြည့်တာဝန်တွေကို ဘိုးရင်း ကုမ္ပဏီထုတ် Boeing MQ-25 Stingray မောင်းသူမဲ့လေယာဉ်တွေက တာဝန်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။

 

တချို့ကတော့ ဒီလေယာဉ်တင်သင်္ဘောကြီးကို ဒရုန်းလေယာဉ်တင်သင်္ဘောလို့ ခေါ်ဆိုနေကြပါတယ်။

 

မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေးစင်တာ (UAWC) မှာ မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေးကွပ်ကဲမှုစနစ် (UMCS) ဖြစ်တဲ့ MD-5E မြေပြင်ထိန်းချုပ်ရေးစခန်းပါရှိပြီး အဲဒီစခန်းကနေ လေယာဉ်တင်သင်္ဘောပေါ်က MQ-25 ဒရုန်း တွေကို လေယာဉ်မှူးတွေက ကွပ်ကဲထိန်းချုပ်သွားမှာဖြစ်ပါတယ်။

 

ဒီစနစ်ရဲ့ ပထမဦးဆုံးပင်လယ်ပြင်စမ်းသပ်မှုကို လာမယ့်နှစ်မှာ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်။

 

MQ-25 ဒရုန်းတွေကို မူလက ဝေဟင်ဆီဖြည့်လုပ်ငန်းအတွက် အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်ပေမဲ့ အနာဂတ် ကာလမှာ စစ်သတင်းရယူခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်းနဲ့ ကင်းထောက်ခြင်း (ISR) စစ်ဆင်ရေးတွေအ တွက်လည်း အသုံးပြုသွားနိုင်ဖွယ်ရှိပါတယ်။

 

Boeing MQ-25 Stingray မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုနိုင်အောင် အမေရိကန်ရေတပ်ရဲ့ နိမစ်အဆင့် (Nimitz-class) နျူုကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးကို ကမ္ဘာ့ပထမဦးဆုံး မောင်းသူမဲ့လေ ယာဉ်စစ်ဆင်ရေးစင်တာ (UAWC) တပ်ဆင်ပြီး အဆင့်မြှင်တင်ထားတာဖြစ်ကြောင်း အမေရိကန်ရေတပ်လေ ကြောင်းစနစ်ဌာနချုပ်က ပြောပါတယ်။

 

USS George H.W. Bush လေယာဉ်တင်သင်္ဘောဟာ UAWC စင်တာ ထပမဦးဆုံးလက်ခံရရှိတဲ့ လေယာဉ် တင်သင်္ဘောဖြစ်ပါတယ်။

 

MQ-25 Stingray ဒရုန်းကို လေယာဉ်တင်သင်္ဘောမှာ ဆီဖြည့်တာဝန်ထမ်းဆောင်နေတဲ့ ဘိုးရင်းကုမ္ပဏီရဲ့ F/A-18 Super Hornet လေယာဉ်တွေကို အစားထိုးဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

ဝေဟင်ဆီဖြည့်တာဝန်တွေကို MQ-25 Stingray ဒရုန်းတွေကို လွှဲပြောင်းပေးလိုက်ခြင်းအားဖြင့် F/A-18 Super Hornet လေယာဉ်တွေရဲ့ ပင်လယ်ပြင်တာဝန်ထမ်းဆောင်မှုသက်တမ်းကို ပိုမိုတိုးမြှင့်ရာမှာ အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာ အမေရိကန်ရေတပ်ဟာ Nimitz-class လေယာဉ်တင်သင်္ဘောတွေနဲ့ Gerald R. Ford-class လေယာဉ်တင်သင်္ဘောတွေမှာ MQ-25 ဒရုန်းတွေ တပ်ဆင်သွားဖို့ စီစဉ်နေပါတယ်။

 

“MQ-25 ဒရုန်းတွေဟာ အမေရိကန်ရေတပ်ရဲ့ ရည်ရွယ်ချက်တွေပြည့်ဝအောင် အကောင်အထည်ဖော်နိုင်ဖို့အ တွက် ဆီဖြည့်ခြင်း၊ မောင်းသူမဲ့ပျံသန်းနိုင်ခြင်းနဲ့ တစ်ဆက်တည်း လေယာဉ်တင်သင်္ဘောကုန်းပတ်ပေါ်မှာ တက် ဆင်းတာဝန်ထမ်းဆောင်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါတယ်။” လို့ ဘိုးရင်း ကုမ္ပဏီက ပြောပါတယ်။

 

MQ-25 T1 ဒရုန်းကို လေယာဉ်တင်သင်္ဘောအခြေစိုက် လေယာဉ်တွေဖြစ်တဲ့ F/A-18 Super Hornet လေ ယာဉ်တစ်စင်း၊ E-2D Advanced Hawkeye လေယာဉ်တစ်စင်းနဲ့ F-35C Lightning II ဂျက်တိုက်လေယာဉ် တစ်စင်း စုစုပေါင်း လေယာဉ် ၃ မျိုးကို ဆီဖြည့်စမ်းသပ်မှုတွေ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

 

MQ-25 ဒရုန်းဟာ အလျား ၅၁ ပေ၊ ဖြန့်ထားတဲ့ တောင်ပံနှစ်ဖက်ထိပ်အကွာအဝေး ၇၅ ပေ၊ ခေါက်ထားတဲ့ တောင်ပံနှစ်ဖက်ထိပ်အကွာအဝေး ၃၁.၃ ပေ ရှိပါတယ်။

 

Rolls-Royce AE3700N အင်ဂျင်တစ်လုံးတပ်ဆင်ထားတဲ့ MQ-25 ဒရုန်းဟာ လေယာဉ်ဆီပေါင်ချိန် ၁၆,၀၀၀ (၇၂၅၀ ကီလိုဂရမ်) တင်ဆောင်ပြီး ရေမိုင် ၅၀၀ (၅၈၀ မိုင်) အကွာအဝေးအထိ ပျံသန်းနိုင်တယ်လို့ဆိုပါတယ်။

 

Ref: The U.S. Navy Now Has a ‘Drone’ Aircraft Carrier

 

#PeopleMedia


Share this post