• Follow Us on
Latest News

Home အမေရိကန်လေယာဉ်တင်သင်္ဘောအနီးက အီရန်ဒရုန်းတစ်စင်း ဖြတ်ပျံသွားတဲ့အတွက် အီရန်နိုင်ငံကို အမေရိ ကန်အစိုးရ ပြစ်တင်ရှုတ်ချ

အမေရိကန်လေယာဉ်တင်သင်္ဘောအနီးက အီရန်ဒရုန်းတစ်စင်း ဖြတ်ပျံသွားတဲ့အတွက် အီရန်နိုင်ငံကို အမေရိ ကန်အစိုးရ ပြစ်တင်ရှုတ်ချ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁

 

အီရန်ဒရုန်းတစ်စင်းဟာ နိုဝင်ဘာလ ၂၈ ရက်နေ့က အမေရိကန် USS Dwight D. Eisenhower လေယာဉ်တင် သင်္ဘောအနီးက ဖြတ်ပျံသွားတဲ့အတွက် အန္တရာယ်ရှိပြီး ကျင့်ဝတ်သိက္ခာပျက်ပြားတဲ့လုပ်ရပ်အဖြစ် အမေရိကန် ပြည်ထောင်စုက နိုဝင်ဘာလ ၂၉ ရက်နေ့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

Eisenhower လေယာဉ်တင်သင်္ဘောဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲပိုမိုကျယ်ပြန့်မလာစေရေး အရှေ့အလယ် ပိုင်းဒေသက အီရန်နဲ့ ကြားခံအုပ်စုတွေကို ဟန့်တားဖို့အတွက် အမေရိကန်ရဲ့ကြိုးပမ်းမှုအစိတ်အပိုင်း တစ်ရပ် အဖြစ် ဒေသတွင်းတပ်ဖြန့်ချထားတဲ့ လေယာဉ်တင်သင်္ဘောနှစ်စီးအနက် တစ်စီးဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၂၈ ရက်နေ့ (အင်္ဂါနေ့) က USS Eisenhower လေယာဉ်တင်သင်္ဘော လေယာဉ်အတက်/အဆင်း ပြုလုပ်နေစဉ်အတွင်း သတိပေးချက်တွေကို ဂရုမစိုက်ဘဲ အီရန်ဒရုန်းဟာ ကိုက် ၁၅၀၀ ဝန်းကျင်အထိ နီးကပ် စွာပျံသန်းလာတာဖြစ်ကြောင်း ရေ တပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကော့ပါးက ပြောပါတယ်။

 

“အခုလို ဘေးကင်းမှုမရှိဘဲ ကျင့်ဝတ်သိက္ခာပျက်ပြားပြီး တာဝန်မဲ့တဲ့ အီရန်နိုင်ငံရဲ့လုပ်ရပ်ဟာ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံအတွက် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ဒီလုပ်ရပ်မျိုးကို ချက်ချင်း ရပ်တန်းကရပ်ဖို့ လိုပါတယ်။” လို့ အရှေ့အလယ်ပိုင်းဒေသ အမေရိကန်ရေတပ်အုပ်စုကို အုပ်ချုပ်ကွပ်ကဲနေတဲ့ ရေတပ်ဗိုလ်ချုပ်ကြီးကော့ပါး က ပြောပါတယ်။

 

“အမေရိကန်ရေတပ်အင်အားစုတွေဟာ သတိဝီရိယနဲ့ နိုးနိုးကြားကြားရှိနေပြီး ဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးကို မြှင့်တင်ရင်း နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ ဘယ်နေရာကိုမဆို ပျံသန်း၊ ခုတ်မောင်းပြီး စစ် ဆင်ရေးတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အစ္စရေးဘက်မှာ လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့သလို ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းဦးရေ ၁၅၀၀၀ ဝန်းကျင် သေဆုံးသွား ပြီ ဖြစ်ပါတယ်။

 

ပါလက်စတိုင်းဦးရေ အသေအပျောက်များပြားလာတဲ့အတွက် အရှေ့အလယ်ပိုင်းတစ်ခွင်က မူဆလင်နိုင်ငံတွေ ဒေါသထွက်နေကြပြီး ဒေသတွင်းမှာရှိနေတဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်ဖို့အတွက် အားပေးလှုံ့ဆော်နေ ကြပါတယ်။

 

အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ လတ်တလောကာလမှာ ဒရုန်းတွေ၊ ရော့ကက်တွေနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံနေရတဲ့အတွက် အမေရိကန်တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။

 

တိုက်ခိုက်မှုတွေအတွက် အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအုပ်စုတွေကို အမေရိကန်အစိုးရက ပြစ်တင်ဝေ ဖန်ခဲ့ပြီး လေကြောင်းကနေ အကြိမ်ပေါင်းများစွာ လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။

 

Ref: US Condemns ‘Unsafe’ Iran Drone Flight near Carrier

 

#PeopleMedia


Share this post