အမေရိကန်အစိုးရက အစ္စရေးနိုင်ငံအတွက် ရာဖာရယ်ကုမ္ပဏီထုတ် အဆင့်မြင့် ပဲ့ထိန်းဒုံးကျည်တွေ ပေးပို့သွား ဖို့ စီစဉ်နေ
PUBLISHED - November 9, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၉
ဂါဇာဒေသမှာ အစ္စရေးထိုးစစ်ကြောင့် အရပ်သားသေဆုံးမှုတွေကို ကာကွယ်ပေးဖို့တောင်းဆိုနေတဲ့ကြားကနေ အစ္စရေးနိုင်ငံအတွက် ဒေါ်လာသန်း ၃၂၀ တန်ကြေးရှိ ရာဖာရယ် (Rafael) ကုမ္ပဏီထုတ် အဆင့်မြင့် ပဲ့ထိန်းဒုံး ကျည်တွေ ပေးပို့သွားဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ အောက်တိုဘာလ ၇ ရက်နေ့တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်း မြောင်ဒေသကို တိုက်ခိုက်လျက်ရှိရာ ပါလက်စတိုင်းလူမျိုး ၁၀၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ပါတယ်။
အဲဒီဒုံးကျည်ရောင်းချရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရက ကွန်ဂရက်လွှတ်တော်ကို အောက်တိုဘာလ ၃၁ ရက်နေ့က တင်ပြခဲ့ကြောင်း The Wall Street Journal က ရေးသားထားပါတယ်။
သဘောတူညီချက်အရ Rafael USA ဒုံးကျည်ထုတ်လုပ်ရေးစက်ရုံက အစ္စရေးနိုင်ငံအသုံးပြုဖို့အတွက် အဲဒီဒုံး ကျည်တွေကို ၎င်းတို့ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Rafael Advanced Defense Systems ) ကုမ္ပဏီကို လွှဲပြောင်းပေး သွားမှာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံဟာ အောက်တိုဘာလ ၇ ရက်နေ့ တိုက်ခိုက်မှုမတိုင်ခင်ကတည်းက အဲဒီဒုံးကျည်တွေကိုရောင်းချ ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အခုရောင်းချပေးမယ့်အစီအစဉ်ဟာ ၂၀၂၀ ပြည့်နှစ်က ကွန်ဂရက်လွှတ်တော် က ခွင့်ပြုလိုက်တဲ့ ဒေါ်လာ ၄၀၂ သန်းတန် လက်နက်ရောင်းချရေးသဘောတူညီချက်အပြီးမှာ ထွက်ပေါ်လာခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။
Spice guidance kit (ပဲ့ထိန်းလမ်းညွှန်စနစ်၊ တိကျတဲ့ပစ်မှတ်ထိခိုက်ပျက်စီးမှုတို့ပါရှိပြီး တန်ဖိုးနဲ့ထိရောက်မှု ညီ မျှတဲ့) လို့ခေါ်တဲ့ အဲဒီဒုံးကျည်တွေဟာ ကီလိုမီတာ ၆၀ ကနေ ၁၀၀ ဝန်းကျင် (၃၇ မိုင်ကနေ ၆၂ မိုင်) အကွာ အ ဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဝေဟင်-မြေပြင်ပစ် လက်နက်တွေဖြစ်ပါတယ်။
အဲဒီဒုံးကျည်ဟာ ပစ်မှတ်ကို အလိုအလျောက်ခြေရာခံနိုင်တဲ့ GPS စနစ်တပ်ဆင်ထားပြီး ပေါင် ၁၀၀၀ ကနေ ၂၀၀၀ ဝန်းကျင်အထိ အလေးချိန်ရှိတဲ့လက်နက်တွေဖြစ်ပါတယ်။
ဒီလက်နက်ဟာ အမေရိကန်က လက်ရှိစစ်ပွဲစတင်ဖြစ်ပွားတဲ့အချိန်က အစ္စရေးကိုထောက်ပံ့ခဲ့တဲ့ GBU-39/B Small Diameter Bomb (SDB) ဗုံးတွေကို နည်းပညာအဆင့်မြှင့်တင်ထားတဲ့ လက်နက်တွေဖြစ်တယ်လို့ ဆို ပါတယ်။
ပေါင် ၂၅၀ အလေးချိန်ရှိတဲ့ SDB ပဲ့ထိန်းဒုံးကျည်ဟာ ကီလိုမီတာ ၄၀ (၂၅ မိုင်) ဝန်းကျင်ကို ပစ်ခတ်နိုင်တဲ့ လက်နက် ဖြစ်ပါတယ်။
အစ္စရေးအစိုးရဟာ ၂၀၂၁ ခုနှစ်က SDB ပဲ့ထိန်းဒုံးကျည် အစင်းရေ ၁၀၀၀ ဝယ်ယူထားပါတယ်။
တပြိုင်တည်းမှာပဲ အစ္စရေးနိုင်ငံအတွက် သံမဏိအမိုးဒုံးခွင်းဒုံး ဒုံးပစ်လောင်ချာအစင်းရေ ၁၀၀ နဲ့ Tamir ကြား ဖြတ်တိုက်ခိုက်ရေးဒုံးကျည် ၁၄၀၀၀ ပါဝင်တဲ့ ဒေါ်လာ ၁၄ ဘီလျံ တန်ကြေးရှိတဲ့ စစ်လက်နက်ပစ္စည်း တွေရောင်း ချပေးဖို့အတွက်လည်း ကွန်ဂရက်လွှတ်တော်ကို အမေရိကန်အစိုးရက တင်ပြထားပါတယ်။
အစ္စရေးနိုင်ငံမှာ လက်ရှိအချိန်မှာ သံမဏိအမိုးဒုံးခွင်းဒုံးစနစ် ၁၀ ခုရှိပြီး လက်နက်စနစ်တစ်ခုချင်းစီမှာ ဒုံးပစ် လောင်ချာစင် ၃ ခုကနေ ၄ ခုအထိပါရှိသလို ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် အစင်း ၂၀ စီ ပါရှိတယ်လို့ ဆိုပါတယ်။
Ref: US Planning to Send Rafael Munition Guidance Kits to Israel
#PeopleMedia