• Follow Us on
Latest News

Home အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံပြုထားသည့် USIP(United States Institute of Peace) အဖွဲ့ အစည်း၏ သုတေသနစာတမ်းများအား အမှီပြု၍ အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်နေ

အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံပြုထားသည့် USIP(United States Institute of Peace) အဖွဲ့ အစည်း၏ သုတေသနစာတမ်းများအား အမှီပြု၍ အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့်ဝါဒဖြန့်နေ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၈

 

အမေရိကန်အစိုးရ၏ ကျောထောက်နောက်ခံပြုထားသည့် USIP (United States Institute of Peace) အဖွဲ့ အစည်း၏ သုတေသနစာတမ်းများအားအမှီပြု၍ အနောက်နိုင်ငံမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်နေ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက ပြောသည်။

 

“ယခုလက်ရှိ မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့်မလို့ ဒီအခြေအနေများကို ပိုပြီးဆိုးရွားသွားအောင် သုံးသပ်တင်ပြ၊ ဦးတည်တင်ပြတာတွေပဲ လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ အရေးကြီးတဲ့သုံးသပ်ချက်ကတော့ လက်နက်စွဲကိုင်ပြီး ပဋိပက္ခဖြစ်အောင်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဟာ စစ်ဘုရင်ဝါဒလိုဟာမျိုး ဖြစ်မှာမဟုတ်ဘူး။ ဓားပြဆန်ဆန်အဖွဲ့အစည်းမျိုးတွေဖြစ်မလာ နိုင်ဘူး။ တစ်စုတစ်စည်း တည်းရှိတယ်ဆိုတဲ့ဟာမျိုးနဲ့ ပဋိပက္ခကြီးထွားလာအောင် မီးထိုးပေးတဲ့သဘောပဲဖြစ်ပါ တယ်။ ဒါကဘာလဲဆိုတော့ မြန်မာနိုင်ငံအရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာတာဖြစ် ပါတယ်။ လုပ်လည်းလုပ်နေတာဖြစ်ပါတယ်။ ထပ်ပြီးတော့မှ လုပ်လာနိုင်တဲ့အရိပ်အယောင်မျိုးကိုပြသခြင်း ဖြစ်ပါတယ်။ ဒီအနောက်နိုင်ငံများနဲ့ ဆက်စပ်အဖွဲ့များအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာပြီး ပိုပြီးတော့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်မယ့် အရိပ်အယောင်နဲ့ ပြသခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိပြောချင်သည်မှာ လက်တွေ့သူတို့ ပြောသည့်အတိုင်း မြေပြင်၌ဖြစ်နေခြင်း ရှိမရှိပဲ ဖြစ်ကြောင်း၊ လက်တွေ့လည်း မြင်နေရကြောင်း၊ သူတို့ပြောနေကြသည့် လက်နက်ကိုင်အဖွဲ့အစည်းတွေ အတွင်း၌ပင် သွေးကွဲမှုများရှိကြောင်း၊ လက်နက်ကိုင်အဖွဲ့အစည်းများ အတွင်း၌ပင် စစ်ကိုင်းဘက်တွင် အဖွဲ့ တစ်ဖွဲ့နှင့် တစ်ဖွဲ့မတည့်ဘဲ တိုက်ခိုက်နေခြင်းမျိုးများရှိကြောင်း၊ NUG၊ CRPH အမည်ခံအကြမ်းဖက်အဖွဲ့က ကိုပဲ တချို့သောလက်နက်ကိုင်အဖွဲ့များကို လက်မခံဘူးလို့ သူတို့ကိုယ်တိုင် ကြေညာခဲ့ခြင်းများရှိကြောင်း၊ ပြည်သူလူထုအပေါ်တွင် အကြိမ်ကြိမ်သတ်ဖြတ်ခြင်းများ၊ လုယက်ခြင်းများ လုပ်နေခြင်းများရှိကြောင်း၊ တရား မဲ့ပြုကျင့်နေခြင်းများ ရှိနေသည်ကို မျက်ကွယ်ပြုပြီးမှ သုံးသပ်ခဲ့သည့် အချက်ပဲဖြစ်ကြောင်း ပြောသည်။

 

“စစ်ကိုင်းဘက်မှာဆိုရင် ဒီPDF အမည်ခံအကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ အမျိုးသမီးတစ်ယောက်ကို လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ပြီး အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့တဲ့လုပ်ရပ် ဟိုးလေးတကြော်ကြော်ဖြစ်လာမှ အရေးယူမယ်ဆိုတဲ့ ပုံစံမျိုးပြောပြီးကာမှ ဘာမှအရေးမယူတဲ့အပြင် အဲဒီအဖွဲ့တွေကပါ လွတ်မြောက်သွားတဲ့ကိစ္စတွေ၊ တရားမဲ့ဖမ်း ဆီးခေါ်ဆောင် သတ်ဖြတ်နေတဲ့ဟာတွေ၊ အမြင်မတူတဲ့ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ဟာတွေ၊ ဒါတွေဟာ လက်တွေ့တွေ့ရမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက မိမိအနေဖြင့် ထူးအလေးအနက်ထားပြီး ပြောကြားလိုသည်မှာ မြန်မာနိုင်ငံ၏ အရှေ့ မြောက်ဘက်ဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကိုအခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းခြင်း များ လုပ်ဆောင်ရန်အတွက် အချက်ပေးလှုံ့ဆော်မှုများ ထင်ရှားစွာတွေ့မြင်ရမည်ဖြစ်ကြောင်း၊ USIP ဆိုသည့် အဖွဲ့အစည်း၏ အစီရင်ခံစာကိုသုံးသပ်ပြီး ပြည်ဖျက်မီဒီယာများအနေနှင့် အမျိုးမျိုးသုံးသပ်ပြီး ရေးသားလှုံ့ ဆော်နေသည်ကို တွေ့ရကြောင်း၊ ထိုအရာများကို မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအားလုံးက အလေးအနက်ထား စောင့်ကြည့်သတိပြုသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post