အမေရိကန်အပါအဝင် သက်ဦးဆံပိုင်အာဏာရှင်စနစ် တိုးတက်လာတာ စိတ်မဝင်စားဘဲနေရမယ့်ကိစ္စမဟုတ်ကြောင်း ကလင်တန်နဲ့ ဟီလာရီပြော

PUBLISHED - March 19, 2025
နိုင်ငံတကာ၊ မတ် ၁၉
အမေရိကန်အပါအဝင် နိုင်ငံတွေမှာ သက်ဦးဆံပိုင်အာဏာရှင်စနစ် တိုးတက်လာတာ စိတ်မဝင်စားဘဲ နေနေရမယ့်ကိစ္စ မဟုတ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘီကလင်တန်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်တို့က မတ်လ ၁၈ ရက်နေ့ (အင်္ဂါနေ့) က ပြောကြားလိုက်ပါတယ်။
ဘီကလင်တန်နဲ့ ဟီလာရီတို့ဟာ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်မှာ မတ်လ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီမိုကရေစီအခမ်း အနားတစ်ခုမှာ သက်ဦးဆံပိုင်အာဏာရှင်စနစ်တိုးတက်လာတာနဲ့ ကမ္ဘာကြီးအပေါ် ရိုက်ခတ်မှုအကြောင်း ဆွေးနွေးစဉ် အခုလို ပြောကြားခဲ့တာဖြစ်ပါတယ် “အဲဒီလို အာဏာရှင်စနစ် တိုးတက်လာတာကို အပေါ်ယံ ရွှေမှုန်ကြဲပြီး ဖုံးအုပ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဒီကိစ္စကို အရေး မကြီးသယောင်လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ သက်ဦးဆုံပိုင်အာဏာရှင်စနစ်ဟာ တိုးတက်လာပါတယ်။ လက်ရှိအချိန်မှာ ကျွန်မတို့ အမေရိကန်ပြည်ထောင်စုမှာ အာဏာရှင်တွေနဲ့ ပေါင်းသင်းပြီး ဆက်နွယ်ပတ်သက်နေတဲ့ အစိုးရတစ်ရပ်ရှိနေ ပါတယ်။” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ပြောပါတယ်။
“အားလုံးသဘောတူညီထားတဲ့ အချက်အလက်တွေ မရှိတဲ့အခါ၊ ရှင်တို့ မျက်စိရှေ့မှောက်မှာဖြစ်ပျက်လာတဲ့အရာကို လျစ်လျူရှုထားဖို့ ရှင်တို့ ခေါင်းဆောင်တွေက ပြောလာတဲ့အခါ၊ ပူတင်က ယူကရိန်းကို မကျူးကျော်ခဲ့ပါဘူး၊ ယူကရိန်းက တစ်နည်းနည်းနဲ့ သူတို့လုပ်ခဲ့တာကို သူတို့ ခံစားရတာပါလို့ ပြောလာခဲ့ရင် ဘယ့်နှယ်လုပ်ကြမလဲ။” လို့ ၎င်းက ပြောပါ တယ်။
“အချက်အလက်မရှိရင် အမှန်တရားဆိုတာလည်း မရှိနိုင်ဘူူး။ ဘာ အမှန်တရားမှ မရှိရင် ယုံကြည်မှုဆိုတာလည်း မရှိ နိုင်ဘူး။ ယုံကြည်မှုဆိုတာ မရှိရင် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဆိုတာလည်း မရှိနိုင်ပါဘူး။” လို့ ဟီလာရီက ပြောပါတယ်။
အလားတူ အမေရိကန်သမ္မတဟောင်းဘီကလင်တန်ကလည်း ဟီလာရီဘေးကနေ အခုလို ပြောကြားခဲ့ပါတယ်။ “လူတိုင်းက ပြောတယ်။ ကျွန်တော်တော့ မောပန်းနေပြီ။ အဲဒီအကြောင်းကို နောက်ထပ်မစဉ်းစားချင်တော့ဘူးလို့ ပြော နေကြတဲ့ လက်ရှိအချိန်မှာ ဒီသက်ဦးဆံပိုင်အာဏာရှင်စနစ်ကို ကျွန်တော်တို့ တိုက်ခိုက်နေကြတယ်။ ရုရှားမှာ ဖြစ်ပျက် နေတာတွေဟာ ကံဆိုးတာပဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ဘာလုပ်နိုင်မလဲ။ ခပ်ကြမ်းကြမ်းပြောဆိုလုပ်ကိုင်ပြီး ကျွန်တော် စဉ်းစားချင့်ချိန်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပိတဲ့ဒဏ်ကနေ သက်သာရာရ စေတဲ့ အဲဒီလို ယောကျ်ားမန်ဖီတဲ့ပုဂ္ဂိုလ်မျိုးကို ကျွန်တော် တကယ်သဘောကျပါတယ်။” လို့ ကလင်တန်က ပြောပါ တယ်။
“ကျွန်တော်ဆိုလိုတာက ကျွန်တော့်မှာ နေ့စဉ် လုပ်ရမယ့်အလုပ်တွေရှိတယ်။ ပေးချေရမယ့် ဘေလ်တွေရှိတယ်။ စိုးရိမ် ပူပန်နေရတဲ့ အသုံးစရိတ်တွေရှိတယ်။ ကျွန်တော် ဘာကို ဂရုစိုက်ရမှာလဲ။ ကျွန်တော် ဘာကို သိရမှာလဲ။ ဒါဟာ အခု တက်ရောက်လာတဲ့ နိုင်ငံတစ်နိုင်ငံချင်းစီမှာ ကျွန်တော်တို့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ကျွန်တော်တို့ ဆက်သွယ်ရ မယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ရှုပ်ထွေးလှတဲ့ပြဿနာတွေကို မစဉ်းစားရအောင် ကာကွယ်ပေးတဲ့ အားကောင်းလှတဲ့ ခေါင်းဆောင်တစ်ယောက်ကို ရှာဖွေနေသူတွေဟာ ဒီမိုကရေစီကို ကယ်တင်ဖို့ ဆက်သွယ်ရမယ့်သူတွေပဲဖြစ်ကြောင်း သမ္မတဟောင်းဘီကလင်တန် က ပြောပါတယ်။
Ref: Autocracy on the march including in US, say Bill and Hillary Clinton: Reuters Video File
#PeopleMedia