အမျိုးသားညီညွတ်ရေးအစိုးရ၏ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင် နေအိမ် ချိတ်ပိတ်ခံရ

PUBLISHED - December 16, 2021
မြစ်ကြီးနား ၊ ဒီဇင်ဘာ ၁၆ (People Media)
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ သယံဇာတဝန်ကြီးအဖြစ်ခန့်အပ်ထားသော ဒေါက်တာတူးခေါင်၏ နေ အိမ်သည် ယနေ့ နံနက်ပိုင်းအချိန်က ချိတ်ပိတ်ခံရလိုက်ရကြောင်း သိရသည်။
မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒေါက်တာတူးခေါင်၏ နေအိမ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်နှင့်ညွှန်ကြားချက်အရ ယနေ့(ဒီဇင်ဘာ ၁၆ ရက်)နံနက်ပိုင်းတွင် ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကပြောသည်။
“အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သူ့အိမ်ကိုချိတ်ပိတ်ဖို့ အမိန့်ပေးလိုက်တာ သူကတော့ အကြမ်းဖက် ဥပဒေပုဒ်မ- ၅၀(က)နဲ့ တရားစွဲခံထားရတာ သူအိမ်ကိုချိတ်ပိတ်တာကတော့ ဒီမနက် ၉ နာရီခွဲကပေါ့” ဟု သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဒေါက်တာတူးခေါင်သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က စတင် တာဝန်ပေးအပ်ခြင်း ခံထားရသူဖြစ်ကြောင်းသိရသည်။
မြစ်ကြီးနားမြို့နယ်အတွင်း၌ အမျိုးသားညီညွန့်ရေးအစိုးရ (NUG) မှ ခန့်အပ်ထားသည့် ဝန်ကြီးနေအိမ်အား ချိတ်ပိတ်ခဲ့သည်မှာ ပထမဆုံးဖြစ်ကြောင်းသိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင်လည်း မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းနိုင်၏ နေအိမ်(၂)လုံး အကြမ်းဖက်တိုက်ဖျက်ရေး(ဗဟို)အဖွဲ့၏ ညွှန်ကြား ချက်အရဟုဆိုကာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ချိတ်ပိတ်ခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ NLD ပါတီဝင်များ၊ NLD လွှတ်တော်ကိုယ်စား လှယ်များနှင့် ပါတီဝန်းရံသူများ ချိတ်ပိတ်ခံထားရသူ ၅၅ ယောက်ထိ ရှိခဲ့ကြောင်း NLD Central Working Commette က နိုဝင်ဘာ ၂၉ ရက် နေ့တွင် ထုတ်ပြန်ထားသည်။
မြတ်မင်း(EPN)
#PeopleMedia #NUG #EPN
(unicode)
……………………………………………………………
#PeopleMedia #NUG #EPN