• Follow Us on

Home အမျိုးသားအားကစားပွဲတော်မှ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား

အမျိုးသားအားကစားပွဲတော်မှ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၁

 

အမျိုးသားအားကစားပွဲတော်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင် အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် အစည်း အဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက  ပြိုင်ပွဲကြီး ပြီးသွားသည့်အခါတွင်လည်း ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနေဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးမြှင့်ပေးအပ်ခြင်းစသည်ဖြင့် စီစဉ်ဆောင်ရွက်ပေးပြီး အားပေးသွားကြရန် လိုကြောင်း၊ ယခုပြိုင်ပွဲကြီးကတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အဖြစ် ရွေးချယ်ရရှိလာမည့် အားကစားသမားများကို စွမ်းရည်တိုးတက်ကောင်းမွန်အောင် ကျွေးမွေးမှု (Sports Nutrition) အပိုင်းတွင်လည်း အားကစားနည်း အလိုက် သိပ္ပံနည်းကျစနစ်တကျနှင့် ကယ်လိုရီတွက်ချက်ကျွေးမွေးစေရေး၊ ခွန်အားတိုးဖို့ တားမြစ်ဆေး မသုံးစွဲဘဲ တိုင်းရင်းဆေးဝါးများနှင့် ဖေါ်စပ်ကျွေးမွေးစေရေးတို့ကို ဆောင်ရွက်ရန်စသည်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောသည်။

 

ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများအတွက် အလား အလာရှိသည့် လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရမည် ဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် အမှန်တကယ်အရည်အချင်းရှိသူများကို စိစစ်ရွေးချယ်နိုင်ရေးအတွက် အားကစားနည်းအလိုက် အံဝင်ခွင်ကျရှိမည့် စံနှုန်းသတ်မှတ်ချက်နှင့်အညီ နည်းစနစ်ကျွမ်းကျင်သူများဖြင့် စနစ်တကျ ရွေးချယ်သွားရန် မှာကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ယခုကျင်းပမည့် အမျိုးသားအားကစားပြိုင်ပွဲကြီးသည် မိမိတို့အားလုံး၏ မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှု များနှင့် တည်ငြိမ်အေးချမ်းမှုများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုလည်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။

 

#PeopleMedia


Share this post