• Follow Us on
Latest News

Home အမျိုးသားအားကစားပွဲတော်ကျင်းပရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမို တိုးတက်မြင့်မားစေရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

အမျိုးသားအားကစားပွဲတော်ကျင်းပရသည့်ရည်ရွယ်ချက်မှာ နိုင်ငံတော်၏အားကစားအဆင့်အတန်း ပိုမို တိုးတက်မြင့်မားစေရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မေ ၂၉

 

အမျိုးသားအားကစားပွဲတော် ကျင်းပရသည့်  ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီပထမအကြိမ် အစည်း အဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေခြင်းဖြစ်ကြောင်း၊ အလားတူ အားကစားအောင်မြင်ခြင်းသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်စေကြောင်း၊ ထို့အတူ အားကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ အဆင့် အတန်းနှင့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်သည့်အတွက် အားကစား ဆိုင်ရာ ခံယူချက်များအတိုင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်ကို စတင်ထမ်းဆောင်ချိန်ကစပြီး မြန်မာ့အား ကစားအဆင့် အတန်းတိုးတက်မြင့်မားလာစေရေးအတွက် အဘက်ဘက်က ပံ့ပိုးဖြည့်ဆည်း အားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောသည်။

 

အမျိုးသားအားကစားပွဲတော် ကျင်းပရသည့်  ရည်ရွယ်ချက်မှာ ပထမ အချက်အနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေ ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ဒုတိယ အချက်မှာ ၂၀၂၅  ခုနှစ်  ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  အားကစားအဆင့်အတန်းမြင့်ရေးနှင့် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုး ဆက်သစ်အားကစားသမားများ ပေါ်ထွက် လာစေရေး၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမို စိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရေးဆိုသည့် ဦးတည်ချက်များနှင့် ကျင်းပ သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ထို့ကြောင့် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲ တော်ကျင်းပခဲ့သည့်  (၁၀)နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကို မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ခမ်းနားထည်ဝါ စွာဖြင့် စနစ်တကျ ကျင်းပနိုင် ရေးသည် အရေးကြီးကြောင်း၊ အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်း နှစ်ပိုင်း ဆောင်ရွက်သွားရန် စီမံထား ကြောင်း၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲတွင် အားကစား နည်း ၆ နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထား ကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post