အမြန်လမ်းမကြီးတွင် အံစာတုံးယာဉ်မတော်တဆမှုဖြစ်ပွားပြီး အုတ်ကန်အားဝင်တိုက်ခဲ့မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့
PUBLISHED - January 10, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၀
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၃၀/ဝ-၁) ဖာလုံကြားတွင် အံစာတုံးယာဉ် အရှိန်မထိန်းဘဲ လမ်းလည်ကျွန်းရှိ ရေနှုတ်မြောင်းပေါက်အုတ်ကန်အား ဝင်ရောက်တိုက်မိပြီး လူ ၃ ဦး သေဆုံးသွားမှု ယမန်နေ့ ညနေ ၆ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော King Long (အဖြူရောင်) အံစာတုံး ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းဘဲ လမ်းလည်ကျွန်းရှိ ရေနှုတ်မြောင်းပေါက်အုတ်ကန်အား ဝင်ရောက်တိုက်မိရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား (၉)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၁၂)ဦးအနက် ကျား (၂)ဦး၊ မ (၁)ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး၊ ကျား (၇)ဦး ၊မ (၂)ဦး ပေါင်း (၉)ဦးတို့မှာ ထိခိုက် ဒဏ်ရာများရရှိခဲ့သဖြင့် ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်၊ EMS 192 အသင်းပိုင် လူနာတင်ယာဉ်၊ လူမှုကူညီရေးအသင်း ပိုင်လူနာတင်ယာဉ်တို့ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာကို ပန်းတင်အမြန်လမ်း မီးသတ်စခန်းမှတပ်ဖွဲ့ဝင် (၁+၅)ဦး၊ ပန်းတင် အမြန်လမ်းရဲစခန်းမှ စခမ အပါတပ်ဖွဲ့ဝင် (၃+၇) ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
#PeopleMedia