• Follow Us on
Latest News

Home အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ကြောင့် ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာမယ့် တရုတ်ခရီးသွားဦးရေ သုံးဆ တိုးလာနိုင်

အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ကြောင့် ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာမယ့် တရုတ်ခရီးသွားဦးရေ သုံးဆ တိုးလာနိုင်

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

ထိုင်း-တရုတ် အမြဲတမ်းဗီဇာကင်းလွတ်ခွင့်သဘောတူညီချက် ကျင့်သုံးလိုက်တဲ့အတွက် ကိုဗစ်ကပ်ရောဂါဘေး မတိုင်ခင် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် အခုနှစ်အတွင်း ထိုင်းနိုင်ငံကို တရုတ်ခရီးသွားဦးရေ သုံးဆမြင့်တက်လာ နိုင်ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) အုပ်ချုပ်ရေးမှူး ထာပနီးကီယတ်ဖိုင် ဘိုးလ်က ဗုဒ္ဓဟူးနေ့ (မတ်လ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အခုနှစ်အတွင်း တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့ ထိုင်းခရီးသွားအရေအတွက်ကလည်း ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် နှစ်ဆမြင့်တက်နိုင်တယ်လို့ ၎င်းက ပြောပါတယ်။

 

ဗီဇာကင်းလွတ်ခွင်စတင်ခဲ့တဲ့ အခုနှစ် မတ်လ ၁ ရက်နေ့ကတည်းက တရုတ်နိုင်ငံ ဘေဂျင်း၊ ရှန်ဟိုင်း၊ ကူမင်း၊ ချန်ဒူးနဲ့ ဂွမ်ဇိုမြို့တွေမှာရှိတဲ့ TAT ဒေသရုံးခွဲတွေဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသတင်းအချက်အလက်တွေ ကို ကောက်ယူနေသလို တရုတ်ခရီးသွားအေဂျင်စီတွေနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေက တုံ့ပြန်မှုတွေကို ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။

 

“ဒီလအစကတည်းက တရုတ်ခရီးသွား ၃၀% ကျော် ထိုင်းနိုင်ငံခရီးစဉ်အတွက် လက်မှတ်တွေဝယ်ယူထားတယ် လို့ ပြည်သူ့နေ့စဉ်အွန်လိုင်းနဲ့ Trip.com မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံကိုလာရောက်တဲ့ ထိုင်းခရီးသွား ရာခိုင်နှုန်းကလည်း ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၃၀၀% အထိ မြင့်တက်လာပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပြီးနောက်မှာ တရုတ်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဈေးကွက်ထဲမှာ အပြု သဘောဆောင်တဲ့လက္ခဏာ ၄ ချက်တွေ့ရကြောင်း TAT ဒေသရုံးခွဲတွေက ပြောပါတယ်။

 

ပထမအချက်က ဟိုတယ်/တည်းခိုခန်း ကြိုတင်မှာကြားမှုဟာ မတ်လ ၁ရက်နေ့ကစပြီး အခုကာလအတွင်း ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၀% ၊ ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃၀၀% မြင့်တက်လာတယ်လို့ဆိုပါတယ်။

 

ဒုတိယအချက်က ထိုင်းနိုင်ငံကို သွားရောက်မယ့် လေယာဉ်ခရီးစဉ်တွေမှာ ကြိုတင်ဝယ်ယူမှုတွေ တဖြည်းဖြည်း မြင့်တက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံထဲကို တရုတ်ခရီးသွားတွေ လာရောက်လည်ပတ်ရေး စိတ်ဝင်စားလာအောင် ဗီဒီယို ကြော်ငြာတွေက ပိုမိုဆွဲဆောင်နိုင်တယ်လို့ TAT အရာရှိတွေက ပြောပါတယ်။

 

တတိယအချက်က လေဆိပ်စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းနိုင်ငံကိုဝင်ရောက်လာတဲ့ ခရီးသွားတွေအတွက် လူ ဝင်မှုကြီးကြပ်ရေးစစ် ဆေးမှုကို ပိုမိုလျင်မြန်စွာဆောင်ရွက်ပေးနိုင်သလို လေယာဉ်လက်မှတ်ဈေးနှုန်းတွေကျ ဆင်းလာတာဟာ တစ်ဦးချင်းခရီးသွားတွေအတွက် အကျိုးရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ လေကြောင်းလိုင်းတွေ၊ ခရီးသွားအေဂျင်စီတွေနဲ့ စင်းလုံးငှားလေ ယာဉ်ခရီးစဉ်ဆောင်ရွက်နေသူတွေအတွက် တရုတ်အမျိုးသားကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအုပ်ချုပ်ရေးအဖွဲ့က လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 

ထိုင်းအစိုးရဟာ တရုတ်နဲ့ ကာဇက်စတန် နိုင်ငံသားတွေအတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်းကောင်း၊ အိန္ဒိယနဲ့ ထိုင်ဝမ်နိုင်ငံသားတွေအတွက် နိုဝင်ဘာလကလည်းကောင်း စတင်ပြီး ယာယီ ၅ လ ဗီဇာကင်းလွတ် ခွင့် ဆောင်ရွက်ပေးခဲ့ပါတယ်။

 

ယာယီဗီဇာကင်းလွတ်ခွင့် ကုန်ဆုံးသွားတာနဲ့ ထိုင်း-တရုတ် အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ကို စတင်ကျင့်သုံးခဲ့ တာဖြစ်ပါတယ်။

 

ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တရုတ်ခရီးသွား ၁.၄ သန်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာကြောင်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက အင်္ဂါနေ့ (မတ်လ ၁၂ ရက်နေ့) က ပြောပါတယ်။

 

အဲဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာခဲ့တဲ့ တရုတ်ကမ္ဘာလှည့်ခရီးသွား စုစု ပေါင်း ၃.၅၂ သန်းရဲ့ ၄၀% ရှိတယ်လို့ ဆိုပါတယ်။

 

မတ်လထဲမှာ ၁၁ ရက်အတွင်း တရုတ်ခရီးသွား ၂၁၄,၀၀၀ ဦး ထို်င်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါတယ်။

 

Ref: Permanent visa waiver could triple Chinese arrivals: TAT

 

#PeopleMedia


Share this post