အယ်လ်ပိုင်းဂေါက်ဖ်ကလပ်ရှယ်ယာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ပေထောင်တန်ကို စုံစမ်းစစ်ဆေးပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးတင်ပြ
PUBLISHED - October 1, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၁
အယ်လ်ပိုင်းဂေါက်ဖ်နဲ့ အားကစားကလပ် (Alpine Golf and Sports Club) မှာရှိတဲ့ အစုရှယ်ယာတွေနဲ့ ပတ် သက်ပြီး ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်ရဲ့ ကျင့်ဝတ်ဆိုင်ရာပြုမူဆောင်ရွက်ချက်ကို စုံစမ်းစစ်ဆေးပေး ဖို့ ရွေးကောက်ပွဲကော်မရှင် (EC) ထံ အင်္ဂါနေ့ (အောက်တိုဘာ ၁ ရက်နေ့) က တင်ပြတောင်းဆိုထားကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရောင်းကရိုင်လီးကစ်ဝတ္တနာက ပြောကြားလိုက်ပါတယ်။
အယ်လ်ပိုင်းဂေါက်ဖ်နဲ့ အားကစားကလပ်နဲ့ လူနေကွန်ဒိုတိုက်ခန်းတွေ တွဲလျက်တည်ရှိနေတဲ့ ဖမ်သမ်ပြည်နယ် က အငြင်းပွား ဘုန်းကြီးကျောင်းမြေတစ်ကွက်ကို ကုမ္ပဏီက ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေဟာ ရိုးသားဖို့လိုအပ်ကြောင်း ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၀ (ပုဒ်မ ခွဲ ၄) နဲ့ ကျင့်ဝတ်ဆိုင်ရာစံနှုန်းများ ပုဒ်မ ၈ တို့ကို မစ္စပေထောင်တန် ချိုးဖောက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြောင်း မစ္စတာရောင်းကရိုင်က တနင်္လာနေ့က ပြောပါတယ်။
မစ္စပေထောင်တန်ဟာ အဲဒီကုမ္ပဏီက ၎င်းရဲ့အစုရှယ်ယာတွေကို မိခင်ဖြစ်သူ ခွန်ယင်းပေါ့ဂျာမန်ဒါမာပေါင်ထံ စက်တင်ဘာ ၃ ရက်နေ့က လွှဲပြောင်းပေးခဲ့ကြောင်း မစ္စတာရောင်းကရိုင်က ပြောပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ဖော်ပြထားတဲ့ ဧပြီလ ၃၀ ရက်နေ့က အဆိုပါကုမ္ပဏီက ကျင်းပခဲ့တဲ့ ရှယ် ယာရှင်များအစည်းအဝေးတစ်ခုက သတင်းအချက်အလက်တွေကိုကိုးကားပြီး ၎င်းကပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က အစုရှယ်ယာရှင်တွေထဲမှာပါဝင်တဲ့ မစ္စပေထောင်တန်ဟာ ရှယ်ယာနံပတ် 5229001-74700000 နဲ့ အစုရှယ်ယာပေါင်း ၂၂.၄၁ သန်းကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကုမ္ပဏီဟာ နောက်ဆုံးအတည်ပြုအစုရှယ်ယာရှင်စာရင်းတွေကို စက်တင်ဘာလ ၄ ရက်နေ့မှာ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနကို ပို့ခဲ့ရာ ပေထောင်တန်ရဲ့ ရှယ်ယာနံပတ် 5229001-74700000 နဲ့ ပိုင်ဆိုင်ထား တဲ့ အစုရှယ်ယာ ၂၂.၄၁ သန်းဟာ မိခင်ဖြစ်သူ ခွန်ယင်းပေါ့ဂျာမန်ရဲ့နာမည်နဲ့ ဖြစ်နေကြောင်း ၎င်းက ပြောပါ တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စပေထောင်တန်ဟာ ၎င်းရဲ့ရှယ်ယာတွေကို မိခင်ဖြစ်သူထံကို စက်တင်ဘာလ ၃ ရက် နေ့မှာ လွှဲပြောင်းပေးခဲ့ပုံရကြောင်း မစ္စတာရောင်းကရိုင်က ပြောပါတယ်။
အဲဒီရှယ်ယာတွေဟာ ကုမ္ပဏီရှယ်ယာစုစုပေါင်း ၇၄,၇၀၀,၀၀၀ ရဲ့ ၃၀% ရှိတယ်လို့ဆိုပါတယ်။
မစ္စပေထောင်တန်ကို အောက်လွှတ်တော်က သြဂုတ်လ ၁၆ ရက်နေ့မှာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့ မိခင်ဖြစ်သူထံကို ရှယ်ယာတွေ လွှဲပြောင်းမပေးခင်အထိ အဲဒီရှယ်ယာတွေကို ပေ ထောင်တန် ပိုင်ဆိုင်ခဲ့တာဖြစ်တယ်လို့ မစ္စတာရောင်းကရိုင်က ပြောပါတယ်။
အဆိုပါကုမ္ပဏီဟာ ၂၀၀၁ ခုနှစ်က မြေရာဦးစီးဌာနက မှတ်ပုံတင်ပြန်လည်ရုပ်သိမ်းထားတဲ့ အငြင်းပွားဖွယ်ရာ ၄၄၄ ရိုင်ပါတဲ့ မြေတစ်ကွက်ကို ပိုင်ဆိုင်ထားခဲ့ကြောင်း ၎င်းက ပြောပါတယ်။
“မြေရာဦးစီးဌာနက မှတ်ပုံတင်ခွင့်ပြန်လည်ရုပ်သိမ်းထားတဲ့ မြေယာကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီမှာ အစုရှယ်ယာ ရှင်တစ်ဦးအဖြစ်ရှိနေတာဟာ ကျင့်ဝတ်ဆိုင်ရာစံနှုန်းချိုးဖောက်မှုတစ်ရပ်အဖြစ် မှတ်ယူနိုင်ပါတယ်။” လို့ မစ္စပေ ထောင်တန်ကို ရည်ညွှန်းပြီး ၎င်းက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွားမှာဖြစ်သလို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ကို ရာထူးက ဖယ်ရှားသင့်/မဖယ်ရှားသင့် ဆုံးဖြတ်ဖို့အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေရတရား ရုံးကို ဆက်လက်တင်ပြသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: Call for probe into PM’s golf club shares
#PeopleMedia