အရက်အတူထိုင်သောက်ရင်း အကြွေး ၂ သောင်းတောင်းရာမှ ဓားထိုးမှုဖြစ်ပြီး ဓါးထိုးခံရသူသေဆုံး

PUBLISHED - September 6, 2021
မကွေး၊ စက်တင်ဘာ ၆ (People Media)
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာတွင် မိတ်ဆွေဖြစ်သူများ အရက်အတူ ထိုင်သောက်ရာမှ ဓားထိုးမှုဖြစ်ပြီး ဓါးထိုးခံရသူ သေဆုံးခဲ့သည်။
တစ်ဦးသေဆုံးခဲ့ရမှု စက်တင်ဘာလ ၃ ရက် နံနက် ၁၁ နာရီခွဲအချိန်ကဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၃ ရက်နေ့ နံနက် (၁၁:၃၀) အချိန်၌ လက်ပံတံခါးကျေးရွာ ဦးကျော်နိုင်ဦး၏နေအိမ်တွင် ရဲအောင်၊ အောင်ပြည့်ဖုန်းမြတ်နှင့် အောင်မျိုးဦးတို့ အရက်အတူထိုင်သောက်နေစဉ် ရဲအောင်မှ အောင်မျိုးဦးထံ ၎င်းရရန်ရှိသော အကြွေး (၂) သောင်းအား တောင်းခဲ့ကြောင်းသိရသည်။
၎င်းအကြွေးတောင်းသည့်ကိစ္စဖြင့် နှစ်ဦးသား စကားများရန်ဖြစ်ခဲ့ကြပြီး ရဲအောင်သည် နေအိမ်ထရံတွင် ထိုး ထားသည့် အရိုးအသွား ၉ လက်မခန့်ရှိ ဓားမြောင်ဖြင့် အောင်မျိုးဦးအား ထိုးခဲ့ကြောင်းသိရသည်။
အောင်မျိုးဦးတွင် ယာလက်ဖျံထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲ/ယာနောက်ကျော ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိခဲ့ သဖြင့် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲအောင်အား ရေနံမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှု ရေးဖွင့်ထားကြောင်း သိရသည်။
#PeopleMedia #လူသတ်မှု
(unicode)
…………………………………………………………….