အရက်သောက်ပြီး လမ်းဖြတ်ကူးသည့် အမျိုးသားတစ်ဦး ယာဉ်ကြိတ်ခံရ၍ သေဆုံးပြီး တိုက်သွားသည့် ယာဉ်မှာ ထွက်ပြေးမောင်းနှင်
PUBLISHED - December 2, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ သရက်ချဉ်ကျောင်းတိုက်အကျော်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် အရက်သောက်ထားသည့် အမျိုးသားတစ်ဦး လမ်းဖြတ်ကူးစဉ် လမ်းအလယ်အရောက်တွင် ယာဉ်ကြိတ်ခံရ၍ သေဆုံးပြီး ထိုတိုက်သွားသည့် ယာဉ်မှာထွက်ပြေးမောင်းနှင်သွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၃၀ ရက် ည ၆ နာရီ ၁၅ အချိန်တွင် ယာဉ်တိုက်မူဖြစ်ပွားကြောင်း သတင်းရရှိ သောကြောင့် ထိုနေရာသို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ယာဉ်တိုက်ခံရသည့် ရုပ်အလောင်းကို အုတ်တွင်း ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“လမ်းဖြတ်ကူးရင်းနဲ့ အတိုက်ခံရတာဖြစ်မယ်။ တစ်ကိုယ်လုံးကြေမွနေတာ။ ဦးနှောက်တွေဆို လူနဲ့ခြောက် ပေလောက်ကွာတယ်။ အသားဖက်တွေဆို လမ်းမှာ အများကြီးပဲ။ တိုက်တဲ့ကားတော့ မမိဘူး။ ဖြစ်တဲ့နေရာကို တာဝန်ရှိတဲ့သူတွေလည်း ရောက်လာတယ်” လို့ ရုပ်အလောင်းအား သယ်ဆောင်ပေးသည့် ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းမှ ဆရာတော် ဦ်းတေဇသိရီမှ မိန့်ကြားသည်။
ထိုယာဉ်တိုက်ခံရ၍ သေဆုံးသည့် အမျိုးသားမှာ အုတ်တွင်းမြို့၊ သရက်ချဉ်ကျေးရွာတွင် နေထိုင်သည့် အသက် (၅၇) နှစ်အရွယ် ဦးမြင့်ဦးဖြစ်ကြောင်း ရုပ်အလောင်းကို အုတ်တွင်းဆေးရုံရင်ခွဲရုံမှတစ်ဆင့် အနောက်သုဿာန် တွင် သဂြိုလ်ပေးလိုက်ကြောင်း သိရသည်။
#PeopleMedia