အရာတော်မြို့နယ်တွင် PDF အဖွဲ့ဝင်များက ဒရုန်း ၂ စီးအသုံးပြု၍ ဗုံးများဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ကလေး (၂) ဦး ဒဏ်ရာရ
PUBLISHED - February 21, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာတွင် PDF အဖွဲ့ဝင်များက ဒရုန်း (၂)စီး အသုံးပြု၍ ဗုံးများ ပစ်ချတိုက်ခိုက်မှုကြောင့် အသက် (၈)နှစ်နှင့် (၁၆)နှစ်အရွယ် ကလေး (၂)ဦး ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီလ (၁၉)ရက် နံနက် (၁၁)နာရီ (၁၅)မိနစ်အချိန်က PDF အဖွဲ့ဝင်များက ဒရုန်း (၂)စီး အသုံးပြုကာ ငွေတွင်းကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ နွားမသင်း (အရှေ့)ကျေးရွာဘက်မှ ဒရုန်း (၂)စီးအား အသုံးပြုပြီး ဗုံးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဗုံး(၁)လုံးမှာ ဦးမြင့်ဌေး (၄၀) နှစ်၏ နေအိမ်ဝင်းအတွင်းသ့ို ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဦးမြင့်ဌေး၏ သားများဖြစ်သူ မောင်ရှိင်းကို (၁၆) နှစ်တွင် ဝမ်းဗိုက်၊ ယာလက်ဖျံ၊ ဝဲ/ယာခြေထောက် ဒူးဆစ်အောက် ဗုံးသီးစ ထိမှန်ဒဏ်ရာများနှင့် မောင်တေဇာအောင် (၈) နှစ်တွင် ယာနံဘေး ဗုံးသီးစ ရှပ်ထိဒဏ်ရာ (၁)ချက် ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက်တွင် ဦးမြင့်ဌေး၏ နေအိမ်ခြံစည်းရိုး အရှေ့ဘက်အနီးတွင် မပေါက်ကွဲသေးသည့် ဗုံးသီး (၆) လုံးအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲများက ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များမှာ အရာတော်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂)ရက်ကလည်း ငွေတွင်းကျေးရွာ မင်္ဂလာပွဲကျင်းပနေသည့် မဏ္ဍပ်ပေါ်သို့ PDF အဖွဲ့ဝင်များမှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် သတို့သားအပါအဝင် မင်္ဂလာပွဲသို့ ရောက်ရှိနေသူ (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
#PeopleMedia
(unicode)
…………………………………………………
#PeopleMedia