အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် မောင်လေးစုပ်တေးသီချင်းဗီဒီယို၏ စီစဉ်သူ ဒါရိုက်တာနှင့် အမျိုးသမီးများအား ညစ်ညမ်းမေးခွန်းများကို လိုက်လံမေးမြန်း၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထုတ်လွှင့်ပြသသူအပါအဝင် သက်ဆိုင်သူတို့အား အမှုဖွင့်

PUBLISHED - July 26, 2024
နေပြည်တော်၊ ဇူလိုင် ၂၆
အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် “မောင်လေးစုပ်” တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းနှင့် အမျိုးသား၊ အမျိုးသမီးများ အား ညစ်ညမ်းမေးခွန်းများကို လိုက်လံမေးမြန်း၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထုတ်လွှင့်ပြသသူ Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူတို့အား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက် လျက်ရှိသည်။
အချို့သော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွနားထောင်ကြည့် ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော ရိုက်ကူးထုတ်လွှင့်ပြသမှုများကို လူမှုကွန်ရက်စာ မျက်နှာများတွင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက်စာမျက်နှာများအပါအဝင် မြန်မာ့ ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့် ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီးဖြစ်သည်။
ယခုအခါ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် “မောင်လေးစုပ်” တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့မ ရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထား ရှိပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် လိင်ဆက်ဆံမှုဆိုင်ရာ ညစ်ညမ်းမေးခွန်းများကို အမျိုးသား၊ အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ်ဆက်သွယ်ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့် ပြသခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ၃၃ (က) ဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်း မြို့မရဲစခန်း၌ သက်ဆိုင်ရာက အမှုဖွင့် လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
သို့ပါ၍ ရုပ်ရှင်နှင့် ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
#PeopleMedia