အရှေ့မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လျက်ရှိပြီး ထိုသို့ဖြစ်ပေါ်နေ ခြင်းမှာ အာဏာကို ဥပဒေနှင့်အညီရရှိနိုင်ရန် ဆောင်ရွက်ခြင်းမပြုဘဲ ဖြတ်လမ်းနည်းဖြင့်ရယူရန် ကြိုးပမ်း လာခြင်းပင်ဖြစ်ကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - January 22, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၂
၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှစ၍ အရှေ့မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိပြီး ထိုသို့ဖြစ်ပေါ်နေခြင်းမှာ အာဏာကို ဥပဒေနှင့်အညီ ရရှိနိုင်ရန်ဆောင်ရွက်ခြင်းမပြုဘဲ ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုးပမ်းလာခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇန်နဝါရီ ၂၀ ရက်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းစဉ်များပြီးစီး၍ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပါက ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
၂၀၂၃ခုနှစ်၊ အောက်တိုဘာလမှစ၍ အရှေ့မြောက်ပိုင်းဒေသတွင် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများဖြစ် ပေါ်လျက်ရှိကြောင်း၊ ထိုသို့ဖြစ်ပေါ်နေခြင်းမှာ အာဏာကို ဥပဒေနှင့်အညီ ရရှိနိုင်ရန်ဆောင်ရွက်ခြင်းမပြုဘဲ ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုးပမ်းလာခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်သူတစ်ရပ်လုံးလိုလား လျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သည့်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့် နည်းလမ်းများကို လေးစားလိုက်နာရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် အဖွဲ့အစည်းအလိုက်၊ စစ်သည် တစ်ဦးချင်းစီအလိုက် အသင့်ရှိနေရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်အတွက် တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှုရှိနေရမည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် လေ့ကျင့်နေရမည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် စစ်သားကောင်း စိတ်ဓာတ်မွေး၍ နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန် ပြောသည်။
ဦးစီးခေါင်း ဆောင်များအနေဖြင့်လည်း မိမိတို့၏ လက်အောက်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး ညီညွတ်မျှတသည့် အုပ်ချုပ်မှုပုံစံရှိရမည်ဖြစ်ကြောင်း၊ တပ်မှူးကောင်းသဖွယ်စိတ်ဓာတ်၊ ဖခင်သဖွယ် စိတ် ဓာတ်ဖြင့် ကွပ်ကဲအုပ်ချုပ်ရမည်ဖြစ်ကြောင်း၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ အားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးညီညွတ်စွာနေထိုင်ကြရန်လိုပြီး နိုင်ငံ တော်နှင့် တပ်မတော်မှ ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့သည်။
#PeopleMedia