• Follow Us on
Latest News

Home အရှေ့အလယ်ပိုင်းဒေသမှာ ဒရုန်းထုတ်လုပ်ရေးစက်ရုံတွေတည်ဆောက်ဖို့ ရုရှားကမ်းလှမ်း

အရှေ့အလယ်ပိုင်းဒေသမှာ ဒရုန်းထုတ်လုပ်ရေးစက်ရုံတွေတည်ဆောက်ဖို့ ရုရှားကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆

 

ရုရှားစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ Rosoboronexport ကုမ္ပဏီက အရှေ့အလယ်ပိုင်း ဒေသမှာ ဒရုန်းထုတ်လုပ်ရေးစက်ရုံတွေ တည်ဆောက်ဖို့ ကမ်းလှမ်းသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

 

ရုရှားဒရုန်းစက်ရုံတွေတည်ဆောက်ရေးအဆိုပြုလွှာနဲ့ ပတ်သက်ပြီး ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာကျင်းပမယ့် UMEX 2024 အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်း Rosoboronexport ကုမ္ပဏီက ပြောပါတယ်။

 

“ဝယ်လက်ရှိတဲ့နိုင်ငံတွေမှာ ဒေသတွင်းဒရုန်းထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်ရာမှာ ကြီးမားကျယ်ပြန့်တဲ့ လက်နက်တွေအကြောင်းကို ကုမ္ပဏီကိုယ်စားလှယ်တွေက ရှင်းလင်းပြောကြားသွားမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံ ရဲ့ စွမ်းရည်တွေနဲ့အတူ နမူနာဒရုန်းတွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့အတွက် ပူးတွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ရုရှားအစိုးရပိုင် Rosoboronexport ကုမ္ပဏီက ပြောပါတယ်။

 

ရုရှားကုမ္ပဏီရဲ့ ကမ်းလှမ်းချက်တွေထဲမှာ စက်ရုံမျိုးစုံကထုတ်လုပ်ထားတဲ့ ဒရုန်းတွေကို အလုံးစုံပြန်လည်ပြုပြင် ခြင်းနဲ့ ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်နိုင်ဖို့အတွက် ဒေသတွင်းမှာ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုစင်တာတွေ တည်ဆောက်သွားဖို့လည်း ပါဝင်ပါတယ်။

 

Rosoboronexport ကုမ္ပဏီအနေနဲ့ တိုက်ပွဲအတွေ့အကြုံစွမ်းဆောင်ရည်ပြသနိုင်ခဲ့ပြီးဖြစ်တဲ့ Orlan-10E၊ Orlan-30၊ Orion-E နဲ့ Kub-E တို့လို ကင်းထောက်ဒရုန်းနဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို ပြည်ပနိုင်ငံတွေကို အောင်မြင်စွာ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း ကုမ္ပဏီက ပြောပါတယ်။

 

Kub ဒရုန်းနဲ့ Orion ဒရုန်းတွေကိုတော့ ဒေသတွင်းနိုင်ငံတွေက သိပ်စိတ်ဝင်စားမှုမပြုဘူးလို့ ရုရှားရေတပ် ဆန်း စစ်လေ့လာရေးစင်တာက ရုရှားစစ်လက်နက်ပစ္စည်းတွေ ဆန်းစစ်လေ့လာနေသူ ဆမ်ဘန်းဒက်တ်က Defense News ကို ပြောပါတယ်။

 

“ဒေသတွင်းနိုင်ငံတွေက စိတ်ဝင်စားတာက Lancet ဒရုန်းတွေနဲ့ Orlan ဒရုန်းတွေဖြစ်ပါတယ်။ အဲဒီဒရုန်းတွေ က ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ မဟုတ်ပါဘူး။ ပြည်ပနိုင်ငံကို တင်ပို့နိုင်တဲ့ Kub ဒရုန်းနဲ့ Orion ဒရုန်းတွေကို တော့ သူတို့ သိပ်စိတ်မဝင်စားကြဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားကတည်းက ရုရှားနိုင်ငံက ဒရုန်းထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ပြည်ပပို့ဖို့ အနည်း ငယ်သာချန်ထားပြီး ပြည်တွင်းလိုအပ်ချက်အတွက်သာ အများအပြားထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

 

ရုရှားနိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် လက်ရှိထုတ်လုပ်နေတဲ့ ဒရုန်းအရေအတွက်ထက် သုံးဆဖြစ်တဲ့ တစ်နှစ်ကို ဒရုန်းအစင်းရေ ၃၂,၀၀၀ တိုးမြှင့်ထုတ်လုပ်သွားဖို့ စီစဉ်နေကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် (၁) အန်းဒရီးဘီလပ်ဆော့ဗ်က မကြာသေးခင်က ပြောပါတယ်။

 

ပြည်တွင်းဒရုန်းထုတ်လုပ်မှုဟာ ပြည်တွင်းလိုအပ်ချက်ရဲ့ ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ထုတ်လုပ်နိုင်ဖို့အတွက် ၂၀၃၀ ပြည့်နှစ်မတိုင် အမျိုးသားဒရုန်းစီမံချက် ဆောင်ရွက်ရာမှာ ရုရှားအစိုးရအနေနဲ့ ရူဘယ်ငွေ ၆၉၆ ဘီလျံ (ဒေါ်လာ ၇.၆၆ ဘီလျံ) ရင်းနှီးမြှုပ်နံှသွားမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Russia Proposes Drone Production in Middle East

 

#PeopleMedia


Share this post