• Follow Us on
Latest News

Home အလုပ်ကိစ္စဖြင့် မြစ်ကြီးနားကိုရောက်ရှိနေသည့် နမ္မတီးစည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

အလုပ်ကိစ္စဖြင့် မြစ်ကြီးနားကိုရောက်ရှိနေသည့် နမ္မတီးစည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

Share this post

မြစ်ကြီးနား၊ ဩဂုတ် ၄

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဂျာမိုင်ကောင်းသံလမ်းကူးအနီး နမ္မတီးမြို့ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း အနီးအနားရှိ ရပ်ကွက်နေသူများထံမှ သိရသည်။

 

ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့၊ ည ၇ နာရီခွဲတွင် ဂျာမိုင်ကောင်းရပ်ကွက်အတွင်းရှိ ဒူကထောင်ရပ်ကွက်၊ အေးမြသာယာရပ်ကွက်နှင့် ဂျာမိုင်ကောင်းရပ်ကွက် လမ်းသုံးလမ်းဆုံရာ သံလမ်းအကူးတွင် ပစ်သတ်ခံခဲ့ ရကြောင်း ၎င်းနှင့် ဆက်စပ်သူတစ်ဦးက ပြောသည်။

 

“အလုပ်ကိစ္စနဲ့ မြစ်ကြီးနားကိုခဏလာတာ။ ညနေက ကားနဲ့ အလုပ်ကိစ္စအပြင်သွားတာ။ ပြန်လာတော့ ဂျာမိုင် ကောင်းတံလမ်းကျော်နားမှာ ကားထဲမှာပဲ ဦးလေးက ရှိနေတာ။ အဲ့ဒီမှာ အပြင်ကနေ ဆိုင်ကယ်နဲ့လာပြီး ဘေး ကနေ သေနတ်နဲ့ ပစ်သွားတာ။ သုံးချက်မှန်တယ်။ နေရာမှာပဲသေသွားတာ။ အခုဆေးရုံကြီးပို့ထားလိုက်ပြီ” ဟု ၎င်းကပြောသည်။

 

အဆိုပါ သေဆုံးသူမှာ ဦးဖြိုးဝေဆန်း ဆိုသူဖြစ်ကာ နမ္မတီးမြို့ စည်ပင်သာယာရေးအဖွဲ့တွင် ဦးစီးမှူးရာထူးဖြင့် ဆောင်ရွက်နေသူဖြစ်ကြောင်း သိရသည်။

 

ယင်း သေဆုံးသူတွင် ဘယ်ဘက်ဦးခေါင်းတွင် သေနတ်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်မောင်းတွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်

 

အလားတူ မေလ (၂၅) ရက်နေ့ကလည်း စီတာပူရပ်ကွက် ကုန်တင်ကုန်ချလမ်းအနီးတွင် ဖားကန့်မြို့မှ မြစ်ကြီးနားမြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိနေသူ အသက် (၃၀) နှစ်ခန့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပန်ပန်(EPN)

 

#PeopleMedia


Share this post