အလုပ်ဖြုတ်ပစ်ခဲ့တဲ့ နျူကလီးယားကျွမ်းကျင်ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ဖို့ အမေရိကန်အစိုးရ ပြန်လည်ဆက်သွယ်နေ

PUBLISHED - February 18, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈
အမျိုးသားလုံခြုံရေးကို ထိခိုက်လာမှာစိုးရိမ်တဲ့အတွက် ဖေဖော်ဝါရီ ၁၃ ရက်နေ့ (ကြာသပတေးနေ့) အလုပ်ဖြုတ်ပစ်ခဲ့တဲ့ နျူကလီးယားကျွမ်းကျင်ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ဖို့ အမေရိကန်အစိုးရက ပြန်လည်ဆက်သွယ်နေကြောင်း အမေရိ ကန်မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
အလုပ်ဖြုတ်စာလက်ခံရရှိလိုက်တဲ့ ရာနဲ့ချီတဲ့ စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းတွေထဲမှာ အမျိုးသားနျူကလီးယားလုံခြုံရေး အာဏာပိုင်အဖွဲ့ (NNSA) က ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။
အဲဒီဦးစီးဌာနဟာ အမေရိကန်နျူကလီးယားလက်နက်တွေကို ဒီဇိုင်းရေးဆွဲခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ကြီးကြပ်ထိန်းသိမ်း ခြင်း လုပ်ငန်းတွေအတွက် တာဝန်ယူဆောင်ရွက်နေတဲ့ ဌာနဖြစ်ပါတယ်။
အခုလို အလုပ်ဖြုတ်နေတာဟာ လွန်ခဲ့တဲ့တစ်လကျော် ဒေါ်နယ်ထရမ့်အာဏာရလာကတည်းက စတင်ဆောင်ရွက်ခဲ့တဲ့ ဖက်ဒရယ်ဝန်ထမ်းအင်အား လျှော့ချရေးအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။
NNSA ဝန်ထမ်း ၃၀၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရကြောင်း ဌာနနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန် မီဒီယာတွေက ရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ အလုပ်ဖြုတ်ခံရတဲ့ NNSA ဝန်ထမ်းဟာ ၅၀ မပြည့်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က CNN ကို ပြောပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က အလုပ်ဖြုတ်ခံလိုက်ရတဲ့ ဝန်ထမ်းတွေထဲမှာ နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေတဲ့ စက်ရုံတွေမှာ တာဝန်ချထားတဲ့ ဝန်ထမ်းတွေလည်း ပါဝင်ကြောင်း CNN က ပြောပါတယ်။
ထရမ့်အစိုးရဟာ အလုပ်ဖြုတ်တာတွေကို ခဏရပ်နားထားလိုက်ပြီး ၎င်းတို့အလုပ်ဖြုတ်ခဲ့တဲ့ NNSA ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ထားဖို့အတွက် ပြန်လည်ကြိုးစားဆက်သွယ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။
“NNSA ဝန်ထမ်းတချို့အတွက် ပေးပို့ခဲ့တဲ့ အလုပ်ရပ်နားကြောင်း အကြောင်းကြားစာတွေကို ပြန်လည်ရုပ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ်ရဖို့အတွက် နည်းလမ်းကောင်း မရှိဘူးဖြစ်နေပါတယ်။” လို့ သော ကြာနေ့က NNSA ဝန်ထမ်းတွေအတွက် ထုတ်ပြန်ခဲ့တဲ့ ရုံးစာတစ်စောင်ကို NBC News က ဖတ်ခဲ့ရပါတယ်။
“ကျေးဇူးပြုပြီး သင်တို့ရဲ့ ကြီးကြပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး ဒီစာရရချင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ အီးမေးလ်ဆီပို့နိုင် အောင် ဆောင်ရွက်စေလိုပါတယ်။” လို့ အဆိုပါ ရုံးစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ဌာနပေါင်းစုံက ဖက်ဒရယ်ဝန်ထမ်း ၁၀,၀၀၀ ဝန်းကျင် အလုပ်ဖြုတ်ခံခဲ့ရကြောင်း အမေရိကန်မီဒီ ယာတွေမှာ ဖော်ပြထားပါတယ်။
အလုပ်ဖြုတ်လိုက်တဲ့ ဒီအရေအတွက်ဟာ ဆောင်းဦးရာသီမှာ မိမိသဘောဆန္ဒအလျောက် အလုပ်ထွက်ဖို့ လက်ခံလိုက် တဲ့ ဖက်ဒရယ်ဝန်ထမ်း ၇၅,၀၀၀ ဝန်းကျင်ထဲမှာ မပါဘဲ သီးသန့်အလုပ်ဖြုတ်ခံလိုက်ရတဲ့ အရေအတွက်ဖြစ်ပါတယ်။
ထရမ့်ဟာ လေယာဉ်ခရီးစဉ်တစ်လျှောက်မှာရော၊ ပြည်ပမှာရော ပြည်တွင်းမှာပါ အလုပ်လုပ်နေရင်း တောက်လျှောက် အလုပ်ဖြုတ်နေတာဖြစ်ပြီး အခုအချိန်အထိလည်း ပညာရေးဝန်ကြီးဌာနကို ဖြုတ်ပစ်ဖို့ တောင်းဆိုနေပါတယ်။
အဲဒီလို အလုပ်ဖြုတ်ဖို့အတွက်လည်း ထရမ့်ဟာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မတ်ကို အစိုးရရာထူးတစ်ခု ခန့် အပ်ပြီး အစိုးရအဖွဲ့အစည်းအရည်အသွေးမြှင့်တင်ရေးအဖွဲ့ (DOGE) ကို ဦးဆောင်ခိုင်းထားပါတယ်။
အစိုးရအဖွဲ့အစည်းတွေ ဝန်ထမ်းအင်အားနဲ့ အသုံးစရိတ်လျှော့ချရေးဆောင်ရွက်နေတဲ့ ထရမ့်အစိုးရရဲ့ ကြိုးပမ်းအား ထုတ်မှုလေးငါးခုဟာ ဥပဒေကြောင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့ ကျမ်းသစ္စာကျိန်ဆိုပြီးကတည်းက ထရမ့်အစိုးရကို တရားစွဲဆိုထားတဲ့အမှုပေါင်း ၆၀ ကျော်ရှိ ပါတယ်။
Ref: US government tries to rehire nuclear staff it fired days ago: BBC
#PeopleMedia