အလုပ်သမားရေးရာပြုပြင်ရေး ILO နဲ့ ဆွေးနွေးခဲ့တဲ့ ဗီယက်နမ်ညွှန်ချုပ် ဖမ်းဆီးခံရ

PUBLISHED - May 10, 2024
နိုင်ငံတကာ၊ မေ ၁၀
အလုပ်သမားရေးရာ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြောဆိုဆွေးနွေးခဲ့တဲ့ ထိပ်တန်း အရာရှိတစ်ဦးကို ဗီယက်နမ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း အစိုးရပိုင်မီဒီယာက ကြာသပတေးနေ့ (မေလ ၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အဲဒီလို ဆွေးနွေးမှုတွေထဲမှာ နိုင်ငံတော်ရဲ့လျှို့ဝှက်သတင်းပေါက်ကြားမှုတွေ ပါဝင်တယ်လို့လည်း အစိုးရမီဒီ ယာက ပြောပါတယ်။
ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်မှာ ထိပ်ပိုင်းနိုင်ငံရေးခေါင်းဆောင်တွေ အပြောင်းအလဲလုပ်နေတဲ့ကြားက အရပ် ဘက်လူမှုအဖွဲ့အစည်းကို ထပ်မံနှိပ်ကွပ်မှုအဖြစ် သံတမန်တွေကရှုမြင်ထားတဲ့ ထင်ရှားတဲ့ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လနဲ့ချီပြီး ဖမ်းဆီးခဲ့ပြီးနောက် အခုလို ငုယင်ဗန်ဘင်ဆိုသူကို ဖမ်းဆီးလိုက်တာပဲ ဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာန တရားရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် အသက် ၅၁ နှစ်အရွယ် ငုယင်ဗန်ဘင်ကို ၎င်းလက်တွဲလုပ်ကိုင်နေတဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) နဲ့အတူ အလုပ်သမားဥပဒေပြင်ဆင်ဖို့ဆောင် ရွက်ခဲ့တဲ့အတွက် စွဲချက်တင်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာနဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရိုက်တာသတင်းဌာနက ငုယင်ဗန်ဘင်၊ ၎င်းမိသားစုနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ငုယင်ဗန်ဘင် အဖမ်းခံရမှုနဲ့ပတ်သက်ပြီး ILO အဖွဲ့၊ ဗီယက်နမ်အလုပ်သမားဝန်ကြီးဌာနတို့နဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ကြားခြင်းမရှိပါဘူး။
ငုယင်ဗန်ဘင်ကို နိုင်ငံတော်လျှို့ဝှက်ချက်တွေ ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြောဆိုမှုနဲ့ စွဲချက်တင်ဖမ်းဆီးခဲ့တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေဆက်လက်ဆောင်ရွက်နေကြောင်း အစိုးရမီဒီယာ Tuoi Tre သတင်းစာ မှာရေးသားဖော်ပြထားပါတယ်။
အလုပ်သမားနဲ့ အလုပ်သမားသမဂ္ဂအခွင့်အရေးနဲ့ပတ်သက်ပြီး သဘောတူညီချက် ၈၇ ကို အတည်ပြုဖို့ ရည် ရွယ်ပြီး ILO အဖွဲ့ကအရာရှိတွေနဲ့အတူ ငုယင်ဗန်ဘင်က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
အဲဒီသဘောတူညီချက် ပြဋ္ဌာန်းပြီးရင် အလုပ်သမားတွေအနေနဲ့ အစိုးရအာဏာပိုင်တွေခွင့်ပြုချက် ရယူစရာမလို ဘဲ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေကို ဖွဲ့စည်းသွားနိုင်မှာဖြစ်ပါတယ်။
ဥရာပသမဂ္ဂနဲ့ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်နဲ့ ပစိဖိတ်ဒေသ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအရ အဆိုပါသဘောတူညီချက်ကို ဗီယက်နမ်နိုင်ငံက အတည်ပြုရမှာဖြစ်ပေမဲ့ ခွင့်ပြု ချက်လုပ်ငန်းစဉ်ဟာ ကာလရှည် နှောင့်နှေးကြန့်ကြာနေတယ်လို့ ဆိုပါတယ်။
Ref: Vietnam arrests official engaged in UN talks on labour reform
#PeopleMedia